၂၃. ၂. ၂၀၂၃
Written by Peya
နေအိမ်တွင် ရှိနေသည့်သုံးနှစ်သား ကလေးငယ်တစ်ဦးနှင့် ၈၅ နှစ်ရွယ် အမျိုးသားတို့ အပါအဝင် လူ ၅ ဦး ကို PDF တို့က သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားသည့် ငါးလောင်းပြိုင် လူသတ်မှုတစ်ခု လှည်းကူးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၊ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်တွင် ဖေဖော်ဝါရီလ ၂၂ ရက် ညပိုင်း ၈ နာရီ အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ငါးခြောက်၊ ပုစွန်ခြောက်ကို အွန်လိုင်းမှ ရောင်းဝယ်သူ အမျိုးသမီး၊ ၎င်း၏ သားနှင့် ချွေးမ၊ မြေးဖြစ်သူ ကလေးငယ် နှင့် အသက် ၈၅ နှစ်အရွယ် အိမ်သို့ လာရောက်လည်ပတ်သူ အမျိုးသားကြီးတို့ ငါးဦးမှာ ဖေဖော်ဝါရီလ ၂၂ ရက် ညပိုင်းကဧည့်ခန်းတွင် စကားထိုင်ပြောနေစဉ် ဆိုင်ကယ် နှစ်စီးဖြင့် လူ လေးဦး ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီ ဖြစ်စဉ်ဖြစ်ပွားခဲ့တာမှန်ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကြိုးပမ်းနေကြပါတယ်” ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။