၂၃. ၂. ၂၀၂၃
Written by Peya
ခြောက်သွေ့ပျက်စီးခြင်းနေရာ ဟု အဓိပ္ပာယ်ရသည့် “ကန်ပိုက်တီ” ဆိုသော အမည်မှ ကံကောင်းခြင်း ဟု အဓိပ္ပာယ်ရသည့် “ကံပိုင်တည်” ဆိုသောအမည်ဖြင့် မြန်မာ – တရုတ် နယ်စပ်မြို့ကို အမည်ပြောင်းလဲလိုက်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ထံမှ ဖေဖော်ဝါရီလ ၂၃ ရက်တွင် သိရသည်။
ကန်ပိုက်တီမြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး တရုတ်ဘာသာစကားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “ကန်းပိုင်တီ”၊ “ကန်း=ခြောက်သွေ့ခြင်း၊ ပိုင်= ပျက်စီးခြင်း၊ တီ=နေရာ”ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ၎င်းအစား မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းပါ “ကံ=ကံကောင်းခြင်း၊ ပိုင်= ပြည်ထောင်စုကပိုင်ဆိုင်ခြင်း၊ တည်=တည်ငြိမ်ခြင်း၊ တည်တံ့ခြင်း၊ တည်ရှိခြင်း” ဟူသော ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသည့် “ကံပိုင်တည်” ဟူသောအမည်အား မြန်မာနိုင်ငံတစ်ဝန်းတစ်ပြေးညီသုံးစွဲနိုင်စေရန် ဒေသခံ ပြည်သူတို့၏ သဘောထားကို ကောက်ယူပြီးနောက် ကချင်အထူး ဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း က ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ သဘောထားထောက်ခံချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ တင်ပြပြီးနောက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ပြီး ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့ နယ်အတွင်းရှိ “ကန်ပိုက်တီ”မြို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်(၁၁၀/၂၀၂၃)ဖြင့် “ကံပိုင်တည်” မြို့အဖြစ် အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်အတွင်းရှိ “ကန်ပိုက်တီ”မြို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၁ ခုနှစ် ဇန်နဝါရီ(၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ရပ်ကွက် သုံးရပ်ကွက်ဖြင့် ဖွဲ့စည်းခဲ့ပြီး မြို့တစ်မြို့၊ ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာအုပ်စု သုံးအုပ်စု၊ ကျေးရွာ ၃၀ တို့ဖြင့် ကန်ပိုက်တီမြို့နယ်ခွဲအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်၊ မေ ၂၂ ရက်တွင် “မြို့”အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သဖြင့် “ကန်ပိုက်တီမြို့” အဖြစ် တည်ရှိလာခဲ့သည်။