MT News
Written by Pan Ei
ကမ္ဘောဒီးယားနိုင်ငံမှ ခိုးယူခံခဲ့ရသော အန်ကောခေတ်မှ လူအများမြင်တွေ့ဖူးခြင်းမရှိသည့် ကျောက်မျက်ရတနာ ဒါဇင်ပေါင်းများစွာကို လန်ဒန်မြို့တွင် ပြန်လည်တွေ့ရှိပြီးနောက် ပြန်လည်ရရှိခဲ့ကြောင်း ကမ္ဘောဒီးယားယဉ်ကျေးမှုဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု၌ အနုပညာပစ္စည်းများ မှောင်ခိုကူးမှုဖြင့် တရားရင်ဆိုင်ခဲ့ရသည့် ဗြိတိန်နိုင်ငံမှ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူ ဒေါက်ဂလပ်စ် လက်ခ်ဖို့ဒ်သည် ၂၀၂၀ ပြည့်နှစ်တွင် သေဆုံးသွားခဲ့ပြီး ထိုနှစ်တွင်ပင် ခမာရှေးဟောင်းပစ္စည်းများကို ပြန်လည်ပေးအပ်ရန်အတွက် သူ၏မိသားစုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား သဘောတူညီမှုရရှိခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ရှိသူများသည် ဒေါက်ဂလပ်စ် လက်ခ်ဖို့ဒ်၏ မိသားစုထံမှ ရတနာ ၇၇ တုံးကို ယခုသီတင်းပတ်အတွင်း လက်ခံရရှိခဲ့ကြောင်း ကမ္ဘောဒီးယားယဉ်ကျေးမှုဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အဆိုပါ ကျောက်မျက်ရတနာများထဲတွင် ခမာအင်ပါယာ၏ အေဒီ ၉ ရာစုမှ ၁၄ ရာစုအတွင်းက အန်ကောခေတ်မှ သရဖူများ၊ လည်ဆွဲများ၊ အဆောင်လက်ဖွဲ့များ၊ အခြားရတနာများနှင့် အန်ကောခေတ်မတိုင်မီက ရွှေနှင့် အခြားအဖိုးတန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ခမာနီအစိုးရ၏ လူမျိုးတုံးသတ်ဖြတ်မှုများနှင့် ပြည်တွင်းစစ်များကြုံတွေ့ခဲ့ရသောကြောင့် ထောင်နှင့်ချီသော ရှေးဟောင်းပစ္စည်းများ ခိုးယူခံခဲ့ရကာ ထိုင်းနှင့် ဟောင်ကောင်ရှိ ချမ်းသာသော ဝယ်ယူသူများမှတစ်ဆင့် ဥရောပနှင့် အမေရိကန်ရှိ ပြတိုက်များသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
ကမ္ဘောဒီးယားယဉ်ကျေးမှုဝန်ကြီး ဖီဆန် ဆာကိုနာ က ဆယ်စုနှစ်များစွာကြာ ပြည်တွင်းစစ်များကိုဖြတ်သန်းခဲ့ရသော ကမ္ဘောဒီးယားလူမျိုးများ၏ ပြန်လည်သင့်မြတ်ရေးနှင့် ပြန်လည်ကုစားရေးတို့ကို အထောက်အကူပြုပေးနိုင်ရန်အတွက် ခိုးယူခံခဲ့ရသော ရှေးဟောင်းပစ္စည်းများကို နိုင်ငံသို့ ပြန်လည်ပေးအပ်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူပုဂ္ဂိုလ်များနှင့် ပြတိုက်များသို့ တောင်းဆိုခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် လွန်ခဲ့သည့်နှစ်ပေါင်း ၁,၀၀၀ ကျော်က ထုလုပ်ထားသည့် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘုရားများ၏ ကြေးနှင့် ကျောက်ဆင်းတုများ အပါအဝင် ခိုးယူခံခဲ့ရသည့် ရှေးဟောင်းပစ္စည်း ၃၀ ကို အမေရိကန်နိုင်ငံမှ ကမ္ဘောဒီးယားသို့ ပြန်လည်ပေးအပ်ခဲ့သည်။
Ref; The Guardian