MT News
Written by Min Mahar
မန္တလေး UG အဖွဲ့က တိုက်ခိုက်မှုပြုလုပ်နေသည့် မြနန္ဒာစစ်ဆင်ရေးအဖြစ် မဟာအောင်မြေခရိုင်တရားရုံးကိုအသံဗုံးတစ်လုံးပစ်ပေါက်ခဲ့သည့်အပြင် တိုင်းလွှတ်တော်ရုံးကိုပါ ပစ်ပေါက်ခဲ့သည်ဟု ဆိုသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ မဟာအောင်မြေခရိုင်တရားရုံး၏ တောင်ဘက်ကားပါကင်အုတ်တံတိုင်းနှင့် ကပ်လျက်နေရာတွင် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က အသံဗုံးတစ်လုံးပစ်ဖောက်ခံရကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
အဆိုပါပေါက်ကွဲမှုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးခဲ့ကြရာ ကီးပတ်ဖုန်းကာဗာအပိုင်းအစအနများ၊ ဖုန်းဘတ္ထရီပေါက်ပြဲ ၁ ခု၊ အော်ရီဒူးဆင်းကတ် ၁ ခု၊ ယမ်းကြိုးဟုယူဆရသော တစ်လက်မခန့်အပိုင်းအစ ၂ စတို့အားတွေ့ရှိခဲ့ကာ လူနှင့်အဆောက်အဦထိခိုက်မှုတစ်စုံတစ်ရာမရှိခဲကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်းလွှတ်တော်ရုံးအား အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ဘန်ကာအတွင်းမှ နှစ်ချက်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း မန္တလေး UG များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ချမ်းအေးသာစံမြိုနယ်၊ ပြည်ကြီးမျက်ရှင်ရှိ တရားရုံးအား အသံမိုင်းဖြင့် သတိပေးဖောက်ခွဲခဲ့ပြီး အထက်ပါတိုက်ခိုက်မှုများ၏ ထိခိုက်သေဆုံးမှုအား အတည်ပြုစုံစမ်းဆဲဟု မန္တလေး UG အဖွဲ့၏ Telegram ချန်နယ်၌ဖော်ပြထားကြောင်း တွေ့ရှိရသည်။
MT News သတင်းဌာနအနေဖြင့် မြေပြင်သို့ကွင်းဆင်းကာလိုက်လံစုံစမ်းခဲ့ရာတွင် မဟာအောင်မြေခရိုင်တရားရုံးကို အသံဗုံးဖြင့် ပစ်ပေါက်ခဲ့သည်မှာ မှန်ကန်မှုရှိသော်လည်း မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးမှာမူပေါက်ကွဲမှုမဖြစ်ပွားခဲ့ကြောင်း သိရသည်။
သို့သော် အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်၊ မန္တလေးတောင်ခြေရှိ ၁၀ လမ်းနှင့် ၆၆ လမ်းထောင့်တွင်ရှိသော လုံခြုံရေးစောင့်နေသည့် တပ်ဖွဲ့ဝင်များအနီး၌ အသံဗုံးတစ်လုံးပစ်ပေါက်ခဲ့ရာ ဗန်ကာအတွင်းမှ တပ်ဖွဲ့ဝင်များက သေနတ် ၂ ချက် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ၎င်းအနီးတွင်စျေးရောင်းနေသူများထံမှ သိရသည်။