တူရကီပြည်သူ ၉၀၀,၀၀၀ ခန့် တဲများနှင့် ကုန်သေတ္တာများအတွင်းသာ နေထိုင်နေကြရ
၂၂. ၂. ၂၀၂၃
Translated by Htwe Ko Tun
တူရကီနိုင်ငံတောင်ပိုင်းတွင် ဖေဖော်ဝါရီ ၆ ရက်ကလှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၈ ရှိငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားနှစ်နိုင်ငံပေါင်းသေဆုံးသူမှာ ဖေဖော်ဝါရီ ၂၁ ရက်တွင် ၄၈,၀၀၀ ကျော်အထိ တိုးမြင့်လာခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၀ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၄ မိနစ်တွင် တူရကီနှင့် ဆီးရီးယားနယ်စပ် တူရကီနိုင်ငံ၊ဟာတေးပြည်နယ်၊ဒက်ဖ်နီမြို့ကို ဗဟိုပြုလျက် ထပ်မံလှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၆ ဒသမ ၃ ရှိငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားနှစ်နိုင်ငံအတွင်း ဖေဖော်ဝါရီ ၂၁ ရက်ထိ သေဆုံးသူ ရှစ်ဦး ရှိကာ ဒဏ်ရာရရှိသူ ၄၀၀ ကျော်ရှိခဲ့ပြီး နှစ်နိုင်ငံနယ်စပ် တစ်ဖက်တစ် ချက်ရှိ အဆောက်အအုံအချို့လည်းပြိုကျခဲ့သည်။
တူရကီနိုင်ငံအတွင်း ဖေဖော်ဝါရီ ၂၀ ရက်က လှုပ်ခတ်သောငလျင်ကြောင့် ဒဏ်ရာရသူ အနည်းဆုံး ၂၉၄ ဦးရှိသည့်အနက် ၁၈ ဦးမှာစိုးရိမ်ရကြောင်းလည်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။ ဆီးရီးယားမြောက်ပိုင်းတွင်လည်း အဆိုပါငလျင်ကြောင့် ဒဏ်ရာရသူ ၁၃၀ ကျော်ရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြောခဲ့ကြသည်။
ဖေဖော်ဝါရီလ ၂၀ ရက် ငလျင်ပြီးနောက် နောက်ဆက်တွဲငလျင်ပေါင်း ၉၀ ခန့်ထိ လှုပ်ခတ်ခဲ့ကာ အင်အားအပြင်းဆုံး နောက်ဆက်တွဲငလျင်က ရစ်ချ်တာစကေး ၅ ဒသမ ၈ အထိရှိကြောင်းလည်းသိရသည်။ တူရကီသဘာဝဘေးဒဏ်နှင့် အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ(AFAD) က ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၈ ရှိငလျင်ပြီးနောက်တွင်မူ တူရကီနိုင်ငံအတွင်း နောက်ဆက်တွဲငလျင် ၇,၀၀၀ ကျော်လှုပ်ခတ်ခဲ့ကြောင်းပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ပြီးနောက် အဆောက်အအုံ ၁၄၀,၀၀၀ ခန့်ပြိုကျခဲ့ကာ ယခုအထိ တူရကီပြည်သူ ၉၀၀,၀၀၀ ခန့်မှာ တဲများနှင့် ကုန်သေတ္တာများအတွင်းတွင်သာ နေထိုင်နေကြရပြီး ငလျင်ကြောင့် ဒဏ်ရာရသူ ၁၁၅,၀၀၀ နီးပါးရှိကြောင်းတာဝန်ရှိသူများကပြောခဲ့ကြသည်။
Ref—– CNN