MT News
Translated by Htwe Ko Tun
ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်းမှ လေယာဉ်အမှုထမ်းများအနေနှင့် ခရီးသည်များလေယာဉ်ပေါ်မှ ဆင်းသွားကြသည်အထိ ကျန်ရစ်ခဲ့သော ခရီးသည်များ၏ အစားအသောက်ထည့်ရာဗန်းများကို ပြန်လည်သိမ်းဆည်းခြင်းမပြုလုပ်ကြသည့်အတွက် လစာဖြတ်တောက်ခြင်းနှင့် တာဝန်မှ တစ်လရပ်ဆိုင်းခြင်းပြစ်ဒဏ်များကို လေကြောင်းကုမ္ပဏီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
TikTok လူမှုကွန်ရက်တွင် စင်ကာပူ-ဘန်ကောက် ပျံသန်းမှုခရီးစဉ်တစ်ခု၌ ထိုကဲ့သို့ ခရီးသည်ထိုင်ခုံများတွင် မသိမ်းဆည်းရသေးသော အစားအသောက်ဗန်းများရှိနေသေးသည်ကိုပြသခဲ့ပြီးနောက် ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်းက ၎င်း၏လေယာဉ်အမှုထမ်းများအားထိုသို့ အရေးယူခဲ့ခြင်းဖြစ်သည်။ လေယာဉ်ဆင်းသက်ချိန်တွင် အစားအသောက်ဗန်းများနှင့် အခြားခရီးသည်အသုံးအဆောင်များက ပျံ့ကျဲနေသည်ကို တွေ့ကြရသည်။
ဖေဖော်ဝါရီ ၂၁ ရက်တွင်မူ ထိုင်းလေကြောင်းက ၎င်း၏လေယာဉ်အမှုထမ်းများအနေနှင့် ၎င်းတို့၏တာဝန်များသင့်တော်ကျေပွန်စွာထမ်းဆောင်ရန်ပျက်ကွက်၍ ပြစ်ဒဏ်ပေးမှုများပြုမည်ဟု အွန်လိုင်းတွင်ကြေညာခဲ့သည်။ ၎င်းတို့အနေနှင့် ပြစ်ဒဏ်ကာလအပြီးတွင်လည်း ပြန်လည်၍တာဝန်မထမ်းဆောင်မီ ပြင်းထန်သောလုံခြုံရေးလေ့ကျင့်မှုပြုကြရမည်ဟု ဆိုသည်။
ထိုင်းလေကြောင်းကုမ္ပဏီက အဆင်မပြေမှုများဖြစ်ခဲ့ရသည့်အတွက်လည်း ခရီးသည်များအား အွန်လိုင်းမှတောင်းပန်ခဲ့သည်။
Ref—-Bangkok Post