၂၂. ၂. ၂၀၂၃
Written by Pan Ei
တရုတ်နိုင်ငံရဲ့ ပြည်နယ်အချို့မှာ လက်ထပ်တာကို အားပေးပြီး ကလေးမွေးဖွားမှုနှုန်းကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်အားပေးမှုအဖြစ် ကြင်စဦးဇနီးမောင်နှံဝန်ထမ်းတွေကို အားလပ်ရက် ရက်ပေါင်း ၃၀ ပေးထားတယ်လို့ တရုတ်နိုင်ငံရဲ့ People’s Daily Health က အင်္ဂါနေ့ (ဖေဖော်ဝါရီလ ၂၁ ရက်)က ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ လက်ထပ်သူတွေကို ပုံမှန်ပေးတဲ့ခွင့်ရက်က သုံးရက်ဖြစ်ပေမယ့် အချို့ပြည်နယ်တွေမှာတော့ ဖေဖော်ဝါရီလက စတင်ပြီး အားလပ်ရက် ၃၀ ပေးတဲ့ ခွင့်ပြုချက်တွေကို ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။
တရုတ်ပြည်အနောက်မြောက်ပိုင်း ဂန်စူးပြည်နယ်နဲ့ ရှန်စီပြည်နယ်တို့မှာ လက်ထပ်ထိမ်းမြားမယ့် ဝန်ထမ်းတွေအတွက် လစာလည်း ရရှိမယ့် အားလပ်ရက်ခွင့် ရက်ပေါင်း ၃၀ ပေးထားပြီး မြို့ကြီးဖြစ်တဲ့ ရှန်ဟိုင်းမှာ ၁၀ ရက်နဲ့ တရုတ်ပြည်အနောက်တောင်ပိုင်းက စီချွမ်ပြည်နယ်ကတော့ ၃ ရက်သာပေးသေးတယ်လို့ သိရပါတယ်။
“မင်္ဂလာအားလပ်ရက်ကို ရက်တိုးပေးတာက ကလေးမွေးဖွားမှုနှုန်းကို တိုးမြင့်စေနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အဓိကအနေနဲ့ စီးပွားရေးပိုင်းမှာ သိပ်ပြီး မဖွံ့ဖြိုးမတိုးတက်တဲ့ ပြည်နယ်တွေနဲ့ မြို့တွေမှာ ခုလိုအားလပ်ရက်ကို သက်တမ်းတိုးပေးတာက အလုပ်သမားအင်အားကိုလည်း တိုးချဲ့နိုင်မှာဖြစ်တယ်” လို့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာနက ဌာနမှူး ယန် ဟိုင်ယန်က ပြောကြားခဲ့ပါတယ်။
မနှစ်က တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ဆယ်စုနှစ်ခြောက်စုအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့ပြီး ကလေးမွေးဖွားမှုနှုန်းမှာလည်း ၁၀၀၀ လျှင် ၆ ဒသမ ၇၇ ရာခိုင်နှုန်းသာ ကလေးမွေးဖွားခဲ့ကာ အနိမ့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ကလေးမွေးဖွားမှုနှုန်းကို ကျဆင်းစေခဲ့တဲ့ အကြောင်းအရာများစွာထဲက တစ်ခုအဖြစ် ၁၉၈၀ ပြည့်နှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ချမှတ်ခဲ့တဲ့ တစ်အိမ်ထောင် ကလေးတစ်ဦးသာ မွေးဖွားစေခဲ့တဲ့ ပေါ်လစီရဲ့ ရလဒ်ကြောင့်ဖြစ်ပြီး၊ ပညာရေးစရိတ်တွေ မြင့်တက်လာခြင်းကလည်း အိမ်ထောင်စုတွေမှာ ကလေးတစ်ဦးသာမွေးဖွားခြင်း ဒါမှမဟုတ် လုံးဝမမွေးဖွားခဲ့ခြင်းတို့ကိုလည်း ဖြစ်စေခဲ့ပါတယ်။
Ref; Reuters