MT News
Written by Min Mahar
ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်ကော်မတီဝင်လည်းဖြစ် ကျေးရွာအဖွဲ့ခေါင်းဆောင်လည်းဖြစ်သည့် အမျိုးသားတစ်ဦးအား NUG ဩဇာခံ PDF အဖွဲ့ဖြစ်သည် Natogyi Regional Defense Force-NRDF အဖွဲ့က ပစ်ခတ်သတ်ဖြတ်သွားမှု မြင်းခြံမြို့နယ်တွင် ယမန်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာတွင်နေထိုင်သော အသက် ၄၅ နှစ်အရွယ်ခန့်ရှိသည့် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်ကော်မတီဝင်လည်းဖြစ်၊ ကျွေးရွာအဖွဲ့ခေါင်းဆောင်လည်းဖြစ်သည့်အမျိုးသားတစ်ဦးသည် ၎င်းပိုင်ဆိုင်သည့်ကြက်သွန်စိုက်ခင်းသို့နေအိမ်မှ တစ်ဦးတည်းထွက်လာခဲ့ကာ စိုက်ခင်းအားရေသွင်းနေစဉ်အတွင်း သေနတ်အတိုတစ်လက်နှင့် အရှည်တစ်လက်ကိုင်ဆောင်ထားသော အမျိုးသားလူငယ် ၂ ဦးရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
“ဦးလေးက အိမ်ကနေ မနက် ၉ နာရီ ၁၀ မိနစ်လောက်က ကြက်သွန်စိုက်ခင်းကို ထွက်သွားတာ။ ၁၀ နာရီကျော်တော့ ပစ်သတ်ခံရတယ်လို့ကြားတော့တာပဲ။ သူက ပြည်ခိုင်ဖြိုးပါတီရဲ့ မြို့နယ်ကော်မတီဝင်ဖြစ်ပြီး ကျေးရွာရဲ့အဖွဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့အပြင် သူ့သားတစ်ယောက်ကပါ တပ်ထဲက ဗိုလ်ကြီးဆိုတော့ အဲ့ဒါကြောင့် လာသတ်သွားတာပဲဖြစ်မယ်”ဟု အသတ်ခံရသူနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက MT News သို့ ပြောသည်။
အခင်းဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်လာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဖြစ်စဉ်နေရာအနီးမှ ၅ ဒသမ ၅၆ ကျည်ခွံ ၂ ခု သိမ်းဆည်းရမိခဲ့ပြီး ၎င်း၏ကိုယ်ပိုင်ဖုန်းတစ်လုံးနှင့် တိုင်းစစ်ဌာချုပ်မှထုတ်ပေးထားသော ဘီအေ ၉၁ လက်ပစ်ဗုံး ၁ လုံးတို့ကိုပါ PDF အဖွဲ့က ယူဆောင်သွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ယင်းအမျိုးသားသည် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းကိုပွင့်ထွက်သွားသည့်ဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်ရင်အုံကိုဖောက်ဝင်သည့်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး ဖြစ်စဉ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား ၁၀ နာရီခွဲတွင် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။