၂၂. ၂. ၂၀၂၃
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်အစိုးရက ရုရှားကုန်သင်္ဘောများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဆိပ်ကမ်းများသို့ ဖေဖော်ဝါရီလ အစောပိုင်းက ဝင်ရောက်ဆိုက်ကပ်ခွင့်မပြုဘဲ ပိတ်ပင်ထားခဲ့ခြင်းနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရန် ရုရှားအစိုးရက ရုရှားနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် မော်စကိုမြို့ရှိ ရုရှားအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်ယူကန့်ကွက်မှုပြုခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက အမေရိကန်ဦးဆောင်သော အနောက်အုပ်စု၏ ရုရှား-ယူကရိန်းစစ်ပွဲအရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုများအတိုင်း လိုက်နာဆောင်ရွက်ကာ ဖေဖော်ဝါရီလဆန်းပိုင်းက ရုရှားသင်္ဘောများကို ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်း ဝင်ခွင့်မပေးဘဲ ပိတ်ပင်ခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ရာ၌ မော်စကိုရှိ ဘင်္ဂလားဒေ့ရှ်သံအမတ်အား ခေါ်ယူကာ ထိုကဲ့သို့သောလုပ်ရပ်က နှစ်နိုင်ငံအကြား ပုံမှန်တည်ရှိနေသည့် ချစ်ကြည်စွာနှစ်ဖက်အကျိုးတူဆက်ဆံမှုများနှင့် ကိုက်ညီမှုမရှိဘဲ၊ နယ်ပယ်များစွာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအလားအလာများကို ကောင်းကျိုးမပြုသော သက်ရောက်မှုများသာဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
ရုရှားနိုင်ငံ၏ နိုင်ငံပိုင်နျုကလီးယားစွမ်းအင်အဖွဲ့အစည်းဖြစ်သော ရိုဆာတွမ်(Rosatom) က လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးသော နျူကလီးယားဓာတ်ပေါင်းဖိုအား ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တည်ဆောက်ပေးနေရာ ၂၀၂၄ ခုနှစ်တွင် စတင်လည်ပတ်နိုင်ရန် ခန့်မှန်းထားသည်။ ၎င်းစက်ရုံက စုစုပေါင်း ၂ ဒသမ ၄ ဂစ်ဂါဝပ်လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်မည်ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ၁၅ ရာခိုင်နှုန်းအထိ ဖြည့်တင်းပေးနိုင်မည်ဟု ဆိုသည်။ ၎င်းစက်ရုံက အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆၅ ဘီလျံ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ကုန်ကျစရိတ်၏ ၉၀ ရာခိုင်နှုန်းကို ရုရှားအစိုးရချေးငွေဖြင့် ဆောင်ရွက်နေခြင်းဟုလည်း သိရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရကမူ ရုရှား-ယူကရိန်းစစ်ပွဲအရေးကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂက ပိတ်ဆို့မှုပြုထားသော ရုရှားသင်္ဘော ၆၉ စင်းကို ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်း ဝင်ခွင့်ပေးမည်မဟုတ်ကြောင်း၊ ထို့ကြောင့် နျူကလီးယားဓါတ်အားပေးစက်ရုံနှင့်ပတ်သက်၍ ပစ္စည်းကိရိယာများကို ပိတ်ပင်ခြင်းမရှိသော သင်္ဘောများကို အသုံးပြုပေးပို့ပါရန် တောင်းဆိုထားကြောင်း သိရသည်။
Ref-The Daily Star