၂၂. ၂. ၂၀၂၃
Written By Thandar
နိုင်ငံတော် သရုပ်ဆောင် ထူးချွန်ဆု (ဒုတိယအဆင့်)၊ ရုပ်ရှင်နဲ့ ဗွီဒီယို သရုပ်ဆောင် ၊ ဒါရိုက်တာ ထပ်ဆင့် အကယ်ဒမီ သီဟတင်စိုး ကွယ်လွန်သွားပြီးနောက်မှာ မိဘမဲ့အဖြစ် ကျန်ရစ်ခဲ့တဲ့ ကလေး၂ယောက်ကို အတတ်နိုင်ဆုံးစောင့်ရှောက်ပါ့မယ်လို့ ညီမဖြစ်သူ ခင်စံပယ်ဦးက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
“ကိုညာ(ဉာဏတင်စိုး)ဆုံးတာ ၄ လမပြည့်သေးဘူး ကိုကြီးရေ။ အကိုတွေထဲမှာ သဘောအကောင်းဆုံး မဇင်မာ(ဇင်မာဦး) မဆုံးခင်က သမီးကို ကလေးတွေကိုအပ်သွားတယ်။ အမေ့ကိုလည်း သမီးကနေတစ်ဆင့် တောင်းပန်ကန်တော့သွားတယ်။ အမေက ကိုကြီးတို့ကို ခွင့်လွတ်ပါတယ်တဲ့။ သမီးလေး စပယ်ဖူးငုံဦးကို မဇင်မာမရှိတော့ကတည်းက သမီးတို့ အိမ်မှာပဲနေတာ အခုတော့ သူ့သမီးလေးကို စိတ်ချထားသွားခဲ့ပြီ။ ကလေး ၂ ယောက်ကို သမီးတို့ အတတ်နိုင်ဆုံးစောင့်ရှောက်ပါ့မယ် ကိုကြီးရေ ။ အေးချမ်းတဲ့ဘုံဘဝကို စိတ်ဖြောင့်ဖြောင့်နဲ့ သွားပါနော်”လို့ ခင်စံပယ်ဦးက ရင်ဖွင့်ရေးသားထားပါတယ်။
သီဟတင်စိုးဟာ အသက် ၅၇ နှစ်အရွယ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်မှာ နှလုံးရောဂါနဲ့ သင်္ကန်းကျွန်း စံပြဆေးရုံမှာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။ သီဟတင်စိုးရဲ့ စျာပနာကိုတော့ သာကေတမြို့နယ် (၈) ရပ်ကွက် ရွှေအုတ်ဂူ ( ၃ ) လမ်းရှိ တိုက်အမှတ် (၃၆) နေအိမ်ကနေ မွန်းတည့် ၁၂ နာရီမှာ မော်တော်ယာဉ်တွေ ထွက်ခွာမယ်လို့ သိရပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကိုတော့ ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ (၂) နာရီအချိန်မှာ ရေဝေးသုသာန်တွင် မီးသင်္ဂြိုလ်သွားမှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်မှာ ရက်လည်ဆွမ်းသွပ် တရားတော်နာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
သီဟတင်စိုးဟာ ၂၀၀၀ ပြည့်နှစ်က ‘ငရဲသား’ ဇာတ်ကား နဲ့ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး သရုပ်ဆောင်ဆုတွေကို ရရှိခဲ့သူဖြစ်ပြီး နှလုံးခွဲစိတ်ကုသထားရသူတစ်ဦးသူပါ။ သီဟတင်စိုးရဲ့ဇနီး အကယ်ဒမီ သရုပ်ဆောင်ဇင်မာဦးဟာလည်း ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်နေ့က အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပြီးမှာလည်း သမီးဖြစ်သူကို ညီမဖြစ်သူ ခင်စံပယ်ဦးက ခေါ်ယူစောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။