၂၂. ၂. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံက လိုအပ်နေသည့် သံနှင့် သံမဏိအား ပြည်တွင်း၌ ဖူလုံအောင် မထုတ်လုပ်နိုင်သည့်အတွက် နှစ်စဥ်ပြည်ပမှ သံနှင့် သံမဏိတင်သွင်းမှု ဒေါ်လာတစ်ဘီလျံကျော်အထိရှိသဖြင့် ပြည်တွင်း၌ သံနှင့် သံမဏိ ဖူလုံအောင်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံရှိ သတ္တုရိုင်းထွက်ရှိရာဒေသများနှင့် အသုံးပြုနိုင်မည့် သံနှင့် သံမဏိထုတ်လုပ်သည့်နည်းစဥ်များ အလုပ်ရုံဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် သံနှင့် သံမဏိ လိုအပ်ချက်သည် နှစ်စဉ်တန်ချိန် ၂ ဒသမ ၅ သန်းမှ သုံးသန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုသည် တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် တစ်သန်းခန့်သာ ထုတ်လုပ်နိုင်သည့်အတွက် လိုအပ်သောတန်ချိန် နှစ်သန်းခန့်ကို နှစ်စဉ်ပြည်ပမှတင်သွင်းနေရခြင်းဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံ၏ သံနှင့် သံမဏိထုတ်လုပ်မှုလုပ်ငန်းတွင် နိုင်ငံပိုင်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် စက်ရုံတစ်ရုံ၊ စက်မှုဝန်ကြီးဌာနတွင် စက်ရုံနှစ်ရုံ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတွင် စက်ရုံသုံးရုံနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက သံရည်ကျိုလုပ်ငန်းပေါင်း ၃၆၂ ခုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။
“နိုင်ငံအတွင်းမှာ သံပါဝင်မှုမြင့်မားတဲ့ သတ္တုသိုက်များ များစွာရှိ၍ သံနှင့်သံမဏိများကို ပြည်တွင်းဖူလုံအောင်ထုတ်လုပ်နိုင်ရေး ကြိုးစားရမှာဖြစ်ပြီး ဒါမှသာ သံနှင့်သံမဏိထုတ်လုပ်တဲ့ နည်းပညာများ တိုးတက်လာမှာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ သံနှင့်သံမဏိထုတ်လုပ်တဲ့ လုပ်ငန်းများမှာ အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဥ်ရင် များစွာနောက်ကျနေသေးပြီး သံ၊ သံမဏိနှင့်ပတ်သက်တဲ့ မူဝါဒများရေးဆွဲပြဋ္ဌာန်းမှသာ ပြည်တွင်းမှာ ထုတ်လုပ်တဲ့သံနှင့်သံမဏိများ၊ ပြည်ပမှတင်သွင်းလာတဲ့ သံနှင့်သံမဏိများအား အရည်အသွေး စစ်ဆေးကြီးကြပ်နိုင်မယ်” ဟု ဒေါက်တာချာလီသန်းက ပြောကြားသည်။
မြန်မာနိုင်ငံရှိ သံထွက်ရှိရာဒေသများ၊ သံသတ္တုရိုင်းအတွင်း သံပါဝင်မှုအပေါ်မူတည်၍ အသုံးပြုနိုင်သည့်နည်းစဉ်များ၊ လိုအပ်သည့်ဆက်စပ် စက်မှုကုန်ကြမ်းတွင်းထွက်များရရှိနိုင်မှုနှင့် စွမ်းအင်နှင့်လောင်စာပံ့ပိုးပေးနိုင်မှု အပေါ်မူတည်၍ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးကာ အကောင်းဆုံးနည်းလမ်းများကို ရွေးချယ်အသုံးပြုနိုင်မည့် အစီအစဥ်များ ရေးဆွဲသွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။