၂၂. ၂. ၂၀၂၃
Written by Min Mahar
နေအိမ်အတွင်းထိုင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီးဖြစ်သူကို သေနတ်သမားများက ပစ်သတ်သွားမှု မြင်းခြံမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရသာကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ ရက် နေ့လည် ၁၂ နာရီထိုးခန့်က အသက် ၅၂ နှစ်အရွယ် ရသာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အသက် ၆၆ နှစ်အရွယ် ၎င်း၏ဇနီးဖြစ်သူတို့ ၂ ဦး နေအိမ်အတွင်း၌ထိုင်နေစဉ် ဆိုင်ကယ် ၃ စီးဖြင့် လူ ၇ ဦးမှာ ကျေးရွာ၏မြောက်ဘက်မှ ဝင်ရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်သွားကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးသည် လည်ပင်းကိုဖောက်ဝင်ကာ ပြန်ဖောက်ထွက်သည့်ဒဏ်ရာ ၁ ချက်၊ ပါးနှစ်ဘက်ကိုလည်းဖောက်ဝင်ပြီး ပြန်ဖောက်ထွက်သွားသည့် ဒဏ်ရာ ၁ ချက်နှင့် ၎င်း၏ဇနီးသည်မှာလည်း ဝဲဘက်နောက်စေ့ကိုဖောက်ဝင်သွားပြီး ယာဘက်မျက်ခုံးထက်ကိုပြန်ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့အသီးသီးရရှိပြီး နေရာတွင်ပွဲချင်းပြီးသေဆုံးသွားသဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ချိန်တွင် ဖြစ်စဉ်နေရာအနီးမှ 9 MM Luger ကျည်ခွံ ၄ ခု၊ ပွိင့်-၃၈၀ ပစ္စတို ကျည်ခွံ ၁၈ ခု သိမ်းဆည်းရမိခဲ့သည်။ ထို့အတူ အုပ်ချုပ်ရေးမှူးအား တိုင်းစစ်ဌာနချုပ်မှထုတ်ပေးထားသော ဘီအေ-၉၁ လက်ပစ်ဗုံး ၁ လုံးကို သေနတ်သမားများက ယူဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။