သက်ဝင်လှုပ်ရှားနေသော မာရွန်မီးတောင်ကို ကယ်ဆယ်ရေးသမားများ တက်ရောက်ခြင်းမှာ အလွန်အန္တရာယ်များ
MT News
ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပျက်ကျသွားခဲ့သော လူလေးဦးလိုက်ပါလာသည့် ဆက်စ်နာလေယာဉ်ပျက်အားတွေ့ရှိရေးနှင့် အသက်ရှင်ကျန်ရစ်သူများအားကယ်ဆယ်နိုင်ရေးအတွက် ဖိလစ်ပိုင်ကယ်ဆယ်ရေးအသင်းများက အယ်လ်ဘေးပြည်နယ်အတွင်းရှိ မာရွန်မီးတောင်ထိပ်ဆီသို့ ဖေဖော်ဝါရီ ၂၁ ရက်တွင် တောင်တက်ခရီးစတင်ခဲ့ကြကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်ကမီးတောင်ဝမှ ပြာမှုန်များမှုတ်ထုတ်ကာသက်ဝင်လှုပ်ရှားခဲ့သော မာရွန်မီးတောင်ကိုကယ်ဆယ်ရေးအဖွဲ့များတက်ရောက်ခဲ့ခြင်းက အလွန်အန္တရာယ်များသောဆောင်ရွက်မှုလည်းဖြစ်ပါကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။
ဆက်စ်နာ ၃၄၀ လေယာဉ်သည် သြစတြေးလျနိုင်ငံသားနှစ်ဦးအပါအဝင်ညလူလေးဦးလိုက်ပါလာခဲ့ကြကာ ဖေဖော်ဝါရီ ၁၈ ရက် နံနက်တွင် အလယ်ပိုင်းပြည်နယ်၊ အယ်လ်ဘေးမှ မြို့တော်မနီလာသို့ ပျံသန်းလာစဉ် မာရွန်မီးတောင်နှင့် ကီလိုမီတာအနည်းငယ်အကွာ၌ ဆက်သွယ်မှုပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
မြို့ပြလေကြောင်းပျံသန်းမှုအာဏာပိုင်အဖွဲ့မှ ပျံသန်းထောက်လှမ်းမှုများပြုခဲ့ရာတွင် လေယာဉ်ပျက်အား မီးတောင်ဝ၌ တွေ့ရှိရသည်ဟုအတည်ပြုခဲ့ကြသည်။သို့သော် အသက်ရှင်ကျန်ရစ်သူများရှိမရှိကိုမူ မပြောကြားနိုင်ကြပေ။ မိုးရွာနေခြင်း၊ တိမ်ထူထပ်နေခြင်းနှင့်မီးတောင် လှုပ်ရှားလာနိုင်သည့်အန္တရာယ်ရှိခြင်းတို့က ကယ်ဆယ်ရေးအဖွဲ့အား လေယာဉ်ပျက်ရှိရာ မီးတောင်ထိပ်သို့ရောက်ရှိရန် အတားအဆီးများဖြစ်နေသည်ဟုဆိုသည်။
ကယ်ဆယ်ရေးအဖွဲ့များက ဖေဖော်ဝါရီ၂၁ ရက်တွင် တောင်တက်ခရီးစတင်ခဲ့ကြပြီး ညလုံးပေါက်တက်ကြမည်ဖြစ်ကာ ဖေဖော်ဝါရီ ၂၂ ရက်တွင် လေယာဉ်ပျက်ရှိရာ မီးတောင်အနောက်ဘက်ခြမ်းသို့ရောက်ရန် မျှော်လင့်ထားကြသည်။
မာရွန်မီးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃,၅၀၀ မှ ပေ ၄,၀၀၀ အကြားမြင့်ကာ ၂၀၁၈ ခုနှစ်က တစ်ကြိမ်သက်ဝင်လှုပ်ရှား၍ ပြာမှုန်များ၊ ချော်ရည်များမှုတ်ထုတ်ခဲ့သေးသည်။ ထို့ပြင် တောင်အတက်ခရီးက မတ်စောက်မှုလည်းရှိရာ ကယ်ဆယ်ရေးအဖွဲ့များအဖို့ အလွန်အန္တရာယ်များသော စစ်ဆင်ရေးဟုပင်သုံးသပ်ကြသည်။
Ref—- AFP