MT News
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ခင်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်း(လမ်းဟောင်း) မိုင်တိုင်အမှတ် ၁၀၄ မိုင်နှင့် ၁၀၄ မိုင် ၁ ဖာလုံကြားရှိ “ကျီးရိုး” ရိုးချောင်း တံတားအမှတ်(၁/၁၀၅) အား ယမန်နေ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ခင်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း) မိုင်တိုင်အမှတ် ၁၀၄ မိုင်နှင့် ၁၀၄ မိုင် ၁ ဖာလုံကြားရှိ “ကျီးရိုး” ရိုးချောင်းတံတားအမှတ်(၁/၁၀၅)အား PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ မိုင်းထောင်ဖောက်ခွဲခံရခဲ့မှုကြောင့် အလျား ၃၅ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၁၀ ပေ၊ ယာဉ်သွားကတ္တရာလမ်းအကျယ် ၄၈ ပေခန့်ရှိ သံကူကွန်ကရစ်တံတား၏ ဝဲ/ယာဘက်ရှိ လက်ရမ်း ၂ ခုမှစ၍ တံတားကြမ်းခင်းရှိ အနံ ၅ ပေခန့်စီမှာ တံတားအလျားအတိုင်း ကွဲအက်ပြိုကျပျက်စီးခဲ့ပြီး တံတားထိပ်နှစ်ဖက်ရှိ ချဉ်းကပ်လမ်းအစပ်တစ်လျှောက် ၁ လက်မခန့်ကွာဟခဲ့ကြောင်း သိရသည်။
PDF များ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။