MT News
Written by Min Mahar
မန္တလေးရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးအား မြနန္ဒာစစ်ဆင်ရေးတိုက်ခိုက်မှုအဖြစ် မန္တလေး UG များ စုပေါင်းကား ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ လမ်း(သိပ္ပံလမ်း)နှင့် ၁၀၂ လမ်းကြား၊ လမ်း ၆၀ ပေါ်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို ဖေဖော်ဝါရီ ၂၀ ရက် နေ့လည် ၁ နာရီခွဲကျော်က လမ်း ၆၀ ပေါ်မှ အမျိုးသားလူငယ် ၂ ဦး ဆိုင်ကယ်တစ်စီးဖြင့် မြောက်ဘက်မှ တောင်ဘက်သို့ မောင်းနှင်လာပြီး အနောက်မှထိုင်လိုက်လာသူက ဗုံးတစ်လုံးပစ်ဖောက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
“ဆိုင်ကယ်တစ်စီးနဲ့ လူငယ် ၂ ယောက်က မြောက်ကနေတောင်ကိုမောင်းလာပြီးတော့ အခွန်ရုံးအပေါက်မှာရှိတဲ့ လုံခြုံ ရေးစောင့်နေတဲ့ စစ်သားတွေကို ပစ်ပေါက်သွားတာပါ။ သူတို့ပစ်တဲ့ဗုံးက ခြံဝန်းအတွင်းမကျဘဲ အပေါက်က သံတံခါးကိုထိသွားပြီး လမ်းပေါ်ကိုပြန်ကျပေါက်ကွဲသွားတာပါ။ ကံကောင်းလို့ပေါ့။ နေ့လည်ဘက် လူသွားလူလာနည်းနေလို့ လမ်းပေါ်မှာပေါက်တော့ အခြားလူတွေမထိသွားတာ” ဟု အခွန်ရုံးရှေ့ စျေးရောင်းချသူတစ်ဦးက ဆိုသည်။
အဆိုပါပေါက်ကွဲမှုဖြစ်ပွားရာသို့ သက်ဆိုင်ရာမှ ရောက်ရှိလာပြီး လမ်းများပိတ်ဆို့ စုံစမ်းစစ်ဆေးခဲ့ကြောင်းနှင့် ထိုပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
ယင်းဖောက်ခွဲမှုကို မန္တလေး UG အဖွဲ့များမှပူးပေါင်းကာ မြနန္ဒာစစ်ဆင်ရေးအတွက် ပြည်တွင်းအခွန်ရုံးကို ဗုံးတစ်လုံးပစ်ပေါက်ခဲ့သည်ဟု Telegram ချန်နယ်တွင် တာဝန်ခံထားသည့် ထုတ်ပြန်ချက်ကို တွေ့ရသည်။
ထိုမြနန္ဒာစစ်ဆင်ရေးအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖော်ဆောင်ခဲ့ပြီး မန္တလေးမြို့အတွင်းရှိ UG အဖွဲ့များပူးပေါင်းကာ SAC အဖွဲ့၏ အစိုးရယန္တရားများကိုလိုက်လံဖျက်ဆီးတိုက်ခိုက်သည့် စစ်ဆင်ရေးတစ်ခုလည်း ဖြစ်သည်။