၂၁. ၂. ၂၀၂၃
Written by Ye Kyaw
မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MAEX)အနေဖြင့် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် လျှောက်ထားမည်ဖြစ်ပြီး ရှယ်ယာတစ်စုကို ၁,၅၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
“လောလောဆယ်မှာတော့ ရန်ကုန်စတော့အိတ်ချိန်းကို ချိတ်မှာဖြစ်တဲ့အတွက် ရှယ်ယာရှင် တစ်ယောက်ချင်းဆီကို ကြေညာတာပေါ့။ အဲဒီအစည်းအဝေးကလည်း မတ်လ ၃ ရက်မှာလုပ်မှာ။ အဲဒီမှာဆက်သွယ်ပြီး နားထောင်လို့ရတယ်။ ရှယ်ယာဈေးကတော့ လောလောဆယ်မှာ ၁,၅၀၀ ကျပ်နဲ့ Right Issue တွေလုပ်ပေးနေတယ်။ ရှယ်ယာရှင်တွေကိုလည်း SMS တွေပေးပို့နေပါတယ်” ဟု မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
MAEX အနေဖြင့် ရန်ကုန်စတော့အိတ်ချိန်း (YSX)တွင် စာရင်းဝင်ကုမ္ပဏီအဖြစ် လျှောက်ထားရန် လျှောက်လွှာ တင်သွင်းခြင်းအစည်းအဝေးကို ရန်ကုန်စတော့အိတ်ချိန်းတွင် ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပခဲ့ရာ ကုမ္ပဏီ၏စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်ဒါရိုက်တာများ တက်ရောက်၍ ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် Listing Application အား တင်သွင်းလျှောက်ထားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MAEX)အနေဖြင့် ရန်ကုန်စတော့အိတ်ချိန်းသို့ မတက်ရောက်မီ လက်ရှိအစုရှယ်ယာရှင်များအား ဦးစားပေးရောင်းချသည့်အစီအစဥ် Right Issue ဖြင့် မူလအစုရှယ်ယာ (၁၀) စုပိုင်ဆိုင်လျှင် တစ်ရာခိုင်နှုန်းဖြင့် ထပ်မံဝယ်ယူခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပြီး အစုရှယ်ယာဈေးနှုန်းမှာ တစ်စောင်လျှင် ၁,၅၀၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် First Myanmar Investment Public Company Limited (FMI)၊ Myanmar Thilawa SEZ Holdings Public Company Limited (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB)၊ ပထမပုဂ္ဂလိကဘဏ်လီမိတတက် (FPB)၊ TMH Telecom Public Company Limited (TMH)၊ Ever Flow River Group Public Company Limited (EFR)၊ Amata Holding Public Company Limited (AMATA) စသည့် စာရင်းဝင်ကုမ္ပဏီ (၇) ခုက အရောင်းအဝယ်ပြုလုပ်နေသည်။