၂၁. ၂. ၂၀၂၃
Written by Nay Aung
အလုပ်ကိုင်အခွင့်လမ်းကောင်းများရရှိမည်ဟု မက်လုံးပေးခေါ်ဆောင်ခံရသော အိန္ဒိယနိုင်ငံသား ၃၀၀ ကျော်ကို မြန်မာနိုင်ငံထံမှ ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
ပြီးခဲ့သောရက်ပိုင်းကလည်း မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသော အိန္ဒိယနိုင်ငံသား ၉ ဦးကို ပြန်လည်ကယ်တင်ပြီး အိန္ဒိယနိုင်ငံသို့ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်းအိန္ဒိယအာဏာပိုင်များက ပြောသည်။
မြန်မာနိုင်ငံရှိအိန္ဒိယသံရုံးက “မြန်မာလူကုန်ကူး ဂိုဏ်းများရဲ့ဖမ်းဆီးထားခြင်းခံရတဲ့ အိန္ဒိယနိုင်ငံသား ၉ ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရန်ကုန်လေဆိပ်ကနေ အိန္ဒိယနိုင်ငံကို ပြန်သွားခဲ့တယ်။ အိန္ဒိယနိုင်ငံသားတွေကို ပြန်ကယ်တင်နိုင်အောင်ကူညီပေးခဲ့တဲ့ မြန်မာအစိုးရတာဝန်ရှိသူများ၊အခြားသူများကိုလည်း ကျေးဇူးတင်ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အိန္ဒိယနိုင်ငံသား ၃၀၀ ကျော်ကို ပြန်ကယ်တင်ထားနိုင်တယ်။ မြန်မာလူကုန်ကူးဂိုဏ်းတွေ လက်ထဲကနေ လွတ်မြောက်ခြင်းမရှိသေးတဲ့ အိန္ဒိယနိုင်ငံသားတွေကို ပြန်ကယ်တင်ဖို့ ကြိုးပမ်းသွားမှာပါ”ဟု ပြောသည်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက IT ကျွမ်းကျင်သော အိန္ဒိယလူငယ်များသည် လူကုန်ကူးဂိုဏ်းများ၏ ပစ်မှတ်ထား လိမ်လည်ခေါ်ဆောင်ခြင်းကို ခံနေရသည့်အတွက် သတိထားရန် အကြံပေးထားကြောင်း သိရသည်။
အိန္ဒိယအာဏာပိုင်များသည် ပြီးခဲ့သောနှစ် အောက်တိုဘာတွင် မြန်မာလူကုန်ကူးဂိုဏ်းများ၏ဖမ်းဆီးထားခြင်းခံရသော အိန္ဒိယနိုင်ငံသား ၄၅ ဦးကို ပြန်ကယ်တင်နိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံသို့ ပြန်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသားများသည် မြင့်မားသော လစာဖြင့် အလုပ်ကိုင်ကောင်းများရရှိမည်ဟု မက်လုံးပေးခေါ်ဆောင်သော လူကုန်ကူးဂိုဏ်းများ၏ ပြောစကားများကိုယုံကြည်ပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ပြီး ခက်ခဲသောအခြေနေများဖြင့် ရင်ဆိုင်ခဲ့ရကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကဆိုသည်။
ref – aninews.