၂၁. ၂. ၂၀၂၃
Written by Min Mahar
ယနေ့မနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးပစ်ခတ်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီခွဲကျော်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးကျေးရွာ၊ ဆင်ရွာကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံရေးဆောင်ရွက်နေစဉ်အတွင်း တောင်မှမြောက်သို့ မောင်းနှင်ကာ ဆိုင်ကယ် ၂ စီး၊ ထော်လာဂျီ ၁ စီးတို့ဖြင့် PDF အဖွဲ့ဝင် ၁၅ ဦးခန့်ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ ၄၀ မမ ဗုံးသီး ၁ လုံး အရင်ပစ်ပေါက်ခဲ့ကာ သေနတ်များဖြင့် တရစပ် ပစ်ခတ်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးသွား၍ ၁ ဦးဒဏ်ရာရသည့်အပြင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးသည်လည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ထို့အတွက် သေဆုံးသွားသည့် ရုပ်အလောင်းနှင့် လူနာများကို နာသုံးနာ လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးနန်းတွင်း စစ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
အဆိုပါပစ်ခတ်ခံရမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသည် ဦးခေါင်းကိုကျည်ထိမှန်သွားသည့်ဒဏ်ရာ ၁ ချက်နှင့် နောက်ကျောကိုလည်းကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထို့ပြင်အသက် ၅၀ ကျော်ခန့်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသည် နောက်ကျောကိုကျည်ဖောက်ဝင်သည့်ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာပေါင်နှစ်ဘက်လုံးကို ကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၂ ချက်၊ ဝဲ/ယာတင်ပါး နှစ်ဘက်သလုံးကိုလည်းကျည်ဖောက်ဝင်သော ဒဏ်ရာ ၂ ချက် (စိုးရိမ်ရ)ရရှိခဲ့သည့်အပြင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသော အသက် ၃၁ နှစ်အရွယ်ရှိသည့် အမျိုးသားတွင်မူ ဝဲဘက်ပေါင်အားကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပါးကို ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝမ်းဗိုက်ကိုလည်းကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက် (စိုးရိမ်ရ)နှင့် အသက် ၃၀ နှစ်အရွယ်အမျိုးသမီးသည်လည်း ဝဲဘက်ပေါင်ကို ကျည်ဖောက်ဝင်သည့်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ အသီးသီး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့သေနတ်ဖြင့် ပစ်ခတ်သွားသူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးပူးပေါင်းအဖွဲ့မှ လိုက်လံစုံစမ်းမှုများပြုလုပ်နေကြကြောင်းနှင့် အခင်းဖြစ်နေရာမှ ၁၂ ဗို့ကျည်ခွံ ၄ ခု၊ ၁၂ ဗို့ကျည် ၄ တောင့်၊ M-22 ကျည်ခွံ ၁၂၇ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။