◾️ ဖေဖော်ဝါရီ ၆ ရက် ငလျင်လှုတ်ခတ်မှုကြောင့် လူ ၄၆၀၀၀ ကျော် သေဆုံးထားမှု ရှာဖွေကယ်ဆယ်မှုများ အပြီးမသတ်ခင် ထပ်မံလှုပ်ခတ်ခြင်းဖြစ်
၂၁.၂.၂၀၂၃
Translated by Htwe Ko Tun
ဖေဖော်ဝါရီ ၆ ရက်က တူရကီနိုင်ငံတောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၈ ရှိ ငလျင်ကြောင့် တူရကီနှင့်ဆီးရီးယား နှစ်နိုင်ငံပေါင်းသေဆုံးသူမှာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ၄၆,၀၀၀ ကျော်သည့်အထိရှိလာခဲ့ချိန်၌ပင် နှစ်နိုင်ငံနယ်စပ်၌ ဖေဖော်ဝါရီ ၂၀ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၄ မိနစ်တွင် ရစ်ချ်တာစကေး ၆ ဒသမ ၄ ရှိ အင်အားပြင်းငလျင် တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါငလျင်သည် ဖေဖော်ဝါရီ ၆ ရက် ငလျင်ကြောင့် သေကြေပျက်စီးမှုများစွာ ကြုံတွေ့နေရသည့် တူရကီနိုင်ငံတောင်ပိုင်း၊ ဟာတေးပြည်နယ်အတွင်းရှိ ဒက်ဖ်နီမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်လှုပ်ခတ်မှုကို ဟာတေးပြည်နယ်မြို့တော် အန်တာကြာမြို့နှင့် အဒါနာမြို့တို့မှလည်း ပြင်းထန်စွာသိရှိခဲ့ကြရသည်။ ငလျင်ကြောင့် တူရကီမြို့ကြီးများနှင့် ဆီးရီးယားနိုင်ငံ၊ အလက်ပိုပြည်နယ်တို့တွင် လူများကြောက်လန့်တကြားနှင့် လမ်းများပေါ် ထွက်ပြေးကြကာ ငလျင်လှုပ်ခတ်မှုကို အီဂျစ်၊ အီရတ်နှင့်လက်ဘနွန် နိုင်ငံများမှပါ သိရှိခံစားခဲ့ရကြောင်း သိရသည်။
တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန် ဆွိင်လုက ငလျင်ကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ၂၁၃ ဦး ဒဏ်ရာများရကာ ဆေးရုံများသို့ ပို့ခဲ့ရကြောင်း ပြောခဲ့သည်။ ထို့ပြင် ပထမငလျင်လှုပ်အပြီး မိနစ်အနည်းငယ်အကြာတွင် အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၈ ရှိ နောက်ဆက်တွဲငလျင်ကလည်း ဟာတေးပြည်နယ်အတွင်း၌ပင် ဆာမန်ဒက်ခရိုင်ကို ဗဟိုပြုလျက် လှုပ်ခတ်ခဲ့သဖြင့် စုစုပေါင်းနောက်ဆက်တွဲငလျင်ပေါင်း ၂၆ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
Ref—- Washington Post