၂၁. ၂. ၂၀၂၃
Written by Ye Kyaw
ဝင်ငွေလျော့နည်းလာခြင်းနှင့်အတူ ဈေးနှုန်းကြီးမြင့်ခြင်းပါ ထပ်ဆင့်လိုက်ပါလာသောကြောင့် လက်ရှိဘဏ္ဍာနှစ် ဆယ်လကျော်တွင် လူသုံးကုန်ပစ္စည်းတင်သွင်းမှု ယခင်နှစ်ကာလတူနှစ်ထက် ဒေါ်လာသန်း ၄၆၀ ကျော်လျော့ကျကာ ပြီးခဲ့သည့် သုံးနှစ်နှင့် နှိုင်းယှဥ်ပါက ထက်ဝက်ခန့် လျော့ကျလျက်ရှိသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ ဆယ်လကျော်တွင် ပြည်ပမှ လူသုံကုန်ပစ္စည်းတင်သွင်းမှု ဒေါ်လာ ၂ ဒသမ ၅၄၃ ဘီလျံသာရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှု ဒေါ်လာ ၄၆၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“အရင်က ဆပ်ပြာလုပ်ငန်းလုပ်ဖို့ ပီပါနဲ့ဝယ်တယ်။ တစ်လစာကို ၁၀ ပီပါ ဝယ်ရတဲ့အချိန်မှာ အဲဒီ ၁၀ ပီပါ တစ်လကုန်တယ်ဆို နောက်လဆို ၅ ပီပါပဲ ဝယ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ဈေးနှုန်းက နှစ်ဆတက်လာတယ်။ အဲဒီဈေးတက်တဲ့အခါမှာ ပစ္စည်းကို လိုက်ပြီးမထုတ်နိုင်တော့ဘူး။ အရင်းအနှီးများလာတော့ ကုန်ထွက်နှုန်းက လျော့လာတယ်။ ဈေးကွက်ထဲမှာ ဘာဖြစ်လာလဲဆိုတော့ ပစ္စည်းလိုအပ်ချက် ထပ်ဖြစ်လာတယ်။ သုံးစွဲသူက လိုအပ်တဲ့ပမာဏကို မရဘူး။ အဲဒီအပြင် အရင်ကထက် ဈေးတက်ရောင်းရတယ်။ ပစ္စည်းလည်းရှားတယ် ဈေးလည်းတက်တယ်။ အဲဒီအပေါ်မှာ သုံးစွဲသူက အဲဒီဟာကို ခြွေတာပြီး ပြန်သုံးရတယ်။ အဲဒီလို လည်နေတာ” ဟု ပြည်တွင်း၌ လူသုံးကုန်ဆပ်ပြာထုတ်လုပ်သည့်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သုံးနှစ်တွင် ပြည်တွင်း၌ သုံးစွဲနိုင်မှုမြင့်တက်သဖြင့် အဆိုပါ သုံးနှစ်အတွင်း လူသုံးကုန်ပစ္စည်းတင်သွင်းမှုမှာ ဒေါ်လာ လေးဘီလျံခွဲဝန်းကျင်အထိ တင်သွင်းမှုများရှိခဲ့သည်။ သို့သော်လည်း လက်ရှိဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လခွဲကျော်သာကျန်ရှိချိန်အထိ လူသုံးကုန်ပစ္စည် ဒေါ်လာနှစ်ဘီလျံခွဲကျော်သာ တင်သွင်းထားနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၏ ဆင်းရဲမှုနှုန်းမှာလည်း ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ၁၃ ဒသမ ၇ ရာခိုင်နှုန်းသာရှိခဲ့ရာ ၂၀၂၂ ခုနှစ်တွင် ၄၁ ဒသမ ၉ ရာခိုင်နှုန်းအထိရှိခဲ့သဖြင့် ငါးနှစ်အတွင်း ဆင်ရဲမှုနှုန်း သုံးဆအထိ မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ် UNDP က ထုတ်ပြန်ထားသည်။