၂၁. ၂. ၂၀၂၃
Written by Nay Aung
မလေးရှားနိုင်ငံ Tanah Merah မြို့ရှိ ဒူးရင်းသီးခြံပိုင်ရှင် သေဆုံးမှုနှင့်ပတ်သက်ပြီး ဆီလန်ဂေါပြည်နယ် Shah Alamမြို့တွင် မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။
မလေးရှားနိုင်ငံ Port Dickson ဒေသရှိ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သော ရဲမှူး အာဒီရှန် မိုဟာမက်က လူသတ်မှုကျူးလွန်သူများအဖြစ် သံသယရှိသူများကို ပြီးခဲ့သော ဖေဖော်ဝါရီ ၂၀ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း ပြောသည်။
ရဲမှူး အာဒီရှန် မိုဟာမက်က “လက်နှစ်ဖက်နဲ့ ခြေနှစ်ဖက်ကို ကြိုးနဲ့အတုပ်ခံရပြီး ရှပ်အင်္ကျီမပါတဲ့ ဒူးသီးရင်းခြံပိုင်ရှင်ရဲ့ ရုပ်အလောင်းကို ရေအိုင်အစပ်နားမှာတွေ့ရှိခဲ့ပြီးနောက်မှာ လူသတ်မှုကျူးလွန်သူတွေအဖြစ် သံသယရှိသူတွေကို ဖမ်းဆီးခဲ့တာဖြစ်တယ်။ သေဆုံးသူ မလေးရှားနိုင်ငံသားရဲ့ကျောကုန်းနဲ့ ဦးခေါင်းမှာ ဒဏ်ရာတွေလည်း တွေ့မြင်ခဲ့တယ်”ဟုဆိုသည်။
၎င်းက ဒူးရင်းသီးခြံပိုင်ရှင်၏ ဆိုင်ကယ်ကို Tanah Merah အရပ်ရှိ ဆီအုန်းခြံအနီး ပြန်လည်တွေ့ရှိခဲ့ကြောင်းပြောသည်။
ရဲမှူး အာဒီရှန် မိုဟာမက်က “လူသတ်မှုကျူးလွန်တယ်လို့ သံသယရှိခံရသူတွေဟာ အသက် ၁၉ နှစ်နဲ့ ၄၉ နှစ်ကြားရှိအရွယ်တွေဖြစ်တယ်။ သူတို့ကိုယ်တိုင်ကလည်း လူသတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ဝန်ခံထားတယ်”ဟုဆိုသည်။
ရဲတပ်ဖွဲ့သည် အဆိုပါမြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးပြီးနောက် Port Dickson ဒေသတရားရုံးတွင် ရီမန် ၇ ရက် ထပ်မံယူခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ထပ်မံလုပ်ဆောင်နေကြောင်း သိရသည်။
မလေးရှားရဲတပ်ဖွဲ့က “ဒီလူသတ်မှုနောက်ကွယ်က အဓိကအကြောင်းရင်းက လက်စားချေမှုနဲ့ ဆက်နွှယ်ဖွယ်ရှိနေတယ်”ဟုထုတ်ဖော်ပြောဆိုခဲ့သည်။
သေဆုံးသူ ဒူရင်းသီးခြံရှင်၏သားဖြစ်သူ Aidi Sham က ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဖခင်ဖြစ်သူ ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့ပြီးနောက် စုံစမ်းရှာဖွေမှုများ ပြုလုပ်ချိန်တွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လူသတ်မှုကျူးလွန်သူများအဖြစ် သံသယရှိခံရသော မြန်မာနိုင်ငံသားများသည် ဒူးရင်းသီးခြံရှင်၏ခြံတွင် သီတင်းပတ်နှစ်ပတ်ကြာ အလုပ်လုပ်ကိုင်ခဲ့ဖူးသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
ref – the star