၂၁. ၂. ၂၀၂၃
Written By Thandar
ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး (အသက် ၅၅ နှစ်) ဟာ ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပြီလို့ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT News Entertainment ကို ပြောပါတယ်။
“သီဟတင်စိုး ဆုံးတယ်ဆိုတာ ဟုတ်ပါတယ်။ နှလုံးရောဂါနဲ့လို့တော့ သိရတယ်။ လက်ရှိ သင်္ဃန်းကျွန်းစံပြဆေးရုံမှာ ဆုံးသွားတယ်”လို့ ဦးအေးကြူလေးက ပြောပါတယ်။
သီဟတင်စိုးဟာ ဒီနေ့ နံနက်ပိုင်းမှာ နှလုံးရောဂါဖောက်ခဲ့တဲ့အတွက် သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်နေစဉ် လမ်းမှာပဲ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၀ ခုနှစ်က ငရဲသားဇာတ်ကားနဲ့ ဒါရိုက်တာနှင့် အဓိကသရုပ်ဆောင်ထူးချွန်ဆုကို ရရှိ ထားသူလည်း ဖြစ်ပါတယ်။
နှလုံးရောဂါနဲ့ ယနေ့ကွယ်လွန်သွားလို့လည်း ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ အထူးဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်လို့ သရုပ်ဆောင် ဝေဠုကျော်ကလည်း လူမှုကွန်ရက်မှာရေးသားထားပါတယ်။
သီဟတင်စိုးရဲ့ ဇနီးဖြစ်သူ အကယ်ဒမီ ဇင်မာဦးကလည်း ၂၀၂၁ ခုနှစ်က နာတာရှည် နှလုံးအဆုတ် ကျောက်ကပ်ရောဂါတွေနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။