၂၁. ၂. ၂၀၂၃
Written by Ye Kyaw
လမ်းပန်းဆက်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာလုပ်ငန်းစဥ်အခက်အခဲများကြောင့် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မှတစ်ဆင့် ကုန်သွယ်မှုဆောင်ရွက်နေသည့် ကုန်သည်အများစု မြဝတီနယ်စပ်ဘက်သို့ ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း ကျိုင်းတုံ-တာချီလိတ်နယ်စပ် ကုန်သွယ်ရေးအသင်းမှ သိရသည်။
“လမ်းပန်းဆက်သွယ်မှုက ပြည်မနဲ့ အလှမ်းဝေးတယ်။ မိုင် ၃၀၀ ကျော်ကွာတယ်။ မြဝတီကနေဆို မိုင် ၁၀၀ ကျော်ပဲ နေ့ချင်းရောက်တယ်။ ခုနက ပြောသလို Exchange Rate မှာ ကွာတယ်။ ဒေါ်လာဈေးမှာကွာတယ်” ဟု ကျိုင်းတုံ-တာချီလိတ်နယ်စပ် ကုန်သွယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တာချီလိတ်နယ်စပ်မှ ထိုင်းနိုင်ငံနှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်များပြီး အမြတ်ငွေအနည်းငယ်သာ ကျန်ရှိသည့်အတွက် လမ်းပန်းဆက်သွယ်ရေး အားသာချက်ရှိပြီး ငွေကြေးဆိုင်ရာလုပ်ငန်းစဥ်များ လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်သည့် မြဝတီနယ်စပ်ဘက်သို့ ပြောင်းလဲဆောင်ရွက်ကြခြင်းဖြစ်သည်။
“ဥပမာပေါ့နော် မြ၀တီဘက်ကတင်သွင်းတဲ့ ဘိလပ်မြေနဲ့ ဒီကနေသွင်းတဲ့ ဘိလပ်မြေက ကွာသွားပြီ။ ပို့ကုန်သွင်းကုန်မှာလည်း ကွာသွားတယ်။ အမြတ်မှာလည်း ကွာသွားတယ်။ ပို့တဲ့နေရာမှာတော့ အမြတ်ငွေကွာတယ်။ သွင်းတဲ့နေရာမှာ ကုန်ကျစရိတ်များတယ်” ဟု ၎င်းက ပြောသည်။
ကိုဗစ်ကြောင့် သုံးနှစ်ခန့်ပိတ်ထားသည့် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်-မယ်ဆိုင် အမှတ် (၁) တံတားကိုလည်း ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း အဆိုပါတံတားမှ နှစ်နိုင်ငံခရီးသည်များ ဖြတ်သန်းသွားလာခြင်းနှင့် တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်းများကိုသာ အဓိကဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၁ လကျော်တွင် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကျော်ရှိပြီး ယင်းအနက် တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၃ သန်းကျော်သာရှိသော်လည်း မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၈ ဘီလျံနီးပါးအထိရှိသည်။