၂၁. ၂. ၂၀၂၃
Written by Thettant
ဖခင်ဖြစ်သူ စာရေးဆရာကြီးမင်းသုဝဏ်နှင့် နိုင်ငံတော်ကောင်စီဝင်ဖြစ်ခဲ့သူ ယောက္ခထီး ဦးလွင်တို့အား SAC က ချီးမြှင့်သည့် စည်သူဘွဲ့နှစ်ဘွဲ့ကို NLD သမ္မတဟောင်း ဦးထင်ကျော် လက်ခံရယူခဲ့ကြောင်း သိရသည်။
ဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်း အခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်း ကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက် လက်ခံယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များရှိခဲ့ပြီး ထိုသို့အဝေးရောက်ဘွဲ့ခံပုဂ္ဂိုလ်များကို ပြည်နယ်နှင့်တိုင်းအလိုက်တာဝန်ရှိသူများက စနစ်တကျလိုက်လံပေးအပ်ခဲ့သည်။
ထို့ကြောင့် NLD သမ္မတဟောင်း ဦးထင်ကျော်အား ဖခင်ဖြစ်သူနှင့် ယောက္ခထီးဖြစ်သူကို ချီးမြှင့်ပေးသည့် စည်သူဘွဲ့နှစ်ဘွဲ့အား ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင်လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့သည်။
ထိုသို့ ပေးအပ်ရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီဦးတင်ဦးလွင်နှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျကျော်ထင်ဇော်ဟိန်းတို့က စည်သူဘွဲ့ရရှိကြသူ ဦးဝန်(မင်းသုဝဏ်) (စာရေးဆရာ)နှင့် ဦးလွင်(မွန်ပြည်နယ်) (နိုင်ငံတော်ကောင်စီဝင်)တို့ကိုယ်စား သား/သမက်ဖြစ်သူ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ထံ ဂုဏ်ထူးဆောင်ဘွဲ့များကို လက်ရောက် ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
NLD ပါတီက တင်မြောက်သည့် သမ္မတအဖြစ် နှစ်နှစ်ကျော်ကြာတာဝန်ယူခဲ့ဖူးသူ ဦးထင်ကျော်သည် နာမည်ကျော်စာရေးဆရာကြီး မင်းသုဝဏ်၏ သားဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်စုစုလွင်မှာလည်း NLD ပါတီ၏ သုံးခွမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကာ ပြည်သူ့ လွှတ်တော်၏ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ သူမ၏ ဖခင်ဖြစ်သူ ဦးလွင်မှာ တပ်မတော်တွင် ဗိုလ်မှူးကြီးတာဝန်နှင့် NLD ပါတီအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သမ္မတအဖြစ်တာဝန်ယူခဲ့သူဦးထင်ကျော်မှာ နိုင်ငံတော်တွင်အမြင့်ဆုံးဖြစ်သည့် ဆုတံဆိပ်များကိုလည်း အလိုအလျောက်ရရှိထားသူဖြစ်သည်။
၂၀၂၀ ပြည့်နှစ် မဲမသမာမှုဖြစ်စဥ်များကြောင့် တပ်မတော်က အာဏာသုံးရပ်ရယူပြီးနောက် မဲမသမာမှု၊ အဂတိလိုက်စားမှု၊ ကိုဗစ်စည်းမျဥ်းဖောက်ဖျက်မှုများဖြင့် NLD ပါတီအစိုးရအဖွဲ့ဝင်ဟောင်းများနှင့် NLD ပါတီ CEC များအပါအဝင် အမတ်ဖြစ်ခဲ့သူများကို ဖမ်းဆီးအရေးယူမှုပြုခဲ့သဖြင့် အချို့မှာ ဖမ်းဆီးခံရခြင်းနှင့် အချို့မှာ တိမ်းရှောင်လက်နက်ကိုင်မှုများစွာရှိသလို အချို့မှာလည်း SAC ဥက္ကဋ္ဌက ချီးမြှင့်သည့် ဆုများစွာရရှိခဲ့သည်။ ထို့အတူ NLD အစိုးရက ရွေးကောက်ခဲ့သည့် နိုင်ငံတော်အင်္ဂါစဥ်တွင် ထိပ်တန်းအဖွဲ့ဝင်ဖြစ်ခဲ့ဖူးသူများမှာလည်း SAC ဥက္ကဋ္ဌက ဆုနှင်းသဘင်ချီးမြှင့်စဥ်က ကိုယ်တိုင်တက်ရောက်ရယူမှုများလည်း ရှိခဲ့သည်။ လက်ရှိတွင် နစကအား လက်နက်စွဲကိုင်တိုက်ခိုက်သည် NLD ပါတီဝင်များရှိသော်လည်း ထိုအရေအတွက်မှာ ရာဂဏန်းသာရှိပြီး အများစုမှာမူ အေးချမ်းစွာနေထိုင်နေကာ တရားဝင်နိုင်ငံရေးသမားအဖြစ်သာ အခြေအနေကို စောင့်ဆိုင်းနေသည်။