MT News
Written by Thettant
ရန်ကုန်မြို့တွင် တစ်ရက်အတွင်း တက္ကစီအငှားယာဥ်နှစ်စီးမီးလောင်ပျက်စီးမှု ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပထမဆုံးဖြစ်စဥ်မှာ ယနေ့နံနက် ၉ နာရီ ၂၀ ခန့်က ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ ယောမင်းကြီးလမ်း၌ Taxi တစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၉ နာရီ ၂၈ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရကာ မိုးမိတ်ကူညီကယ်ဆယ်ရေးအသင်းမှလည်း လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။
ထို့အတူ ယနေ့ည ၈ နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင် ကားမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သမိုင်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၈ နာရီ ၃၃ မိနစ်ခန့်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်ယ
အဆိုပါမီးလောင်မှုဖြစ်ပွားသည့်နေရာသို့ “ရွှေရောင်သမိုင်း” အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ အသင်းဝင်(၁၀)ဦးနှင့် ရေသယ်ယာဥ်(၁)စီး၊ လူနာတင်ယာဉ်(၂)စီးဖြင့် လိုအပ်ပါက ကူညီနိုင်ရန် အချိန်နှင့်တစ်ပြေးညီထွက်ခွာခဲ့ပြီး မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကာ ဖြစ်စဥ်တွင် အနီးမှဖြတ်သွားဖြတ်လာတစ်ဦး လက်တွင်ထိခိုက်ဒဏ်ရာ (အနည်းငယ်)ရရှိခဲ့သောကြောင့် အသင်းဝင်များက လိုအပ်သည့်ကနဦးပြုစုမှုများ ဆောင်ရွက်ပေးကာ “ရွှေရောင်သမိုင်း”အသင်း လူနာတင်ယာဥ်ဖြင့် အင်းစိန်ဆေးရုံသို့ အခမဲ့ပို့ဆောင်ကူညီပေးခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဥ်နှစ်ခုတွင် ကနဦးစစ်ဆေးမှုများအရ အပူလွန်ကဲသည်ဟုလည်း သိရပြီး ယာဥ်မောင်းများထိခိုက်မှုမရှိဟုလည်း ကနဦးဖြစ်စဥ်များအရ စုံစမ်းသိရသည်။