MT News
ယနေ့တွင် ဒေါ်လာဈေး အပြောင်းအလဲမရှိခဲ့သည့်အပြင် သုံးပတ်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်း ဒေါ်လာ ၇၀ အထိ ကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေးမှာ လက်ရှိအချိန်အထိ ကျပ် ၂,၈၆၀,၀၀၀ ကျော်တွင်သာ ဆက်လက်မြင့်တက်လျက်ရှိသည်။
ကမ္ဘာ့ရွှေဈေးနှုန်းသည် ဇန်နဝါရီ ၃၀ ရက်တွင် ရွှေတစ်အောင်စလျှင် ၁၉၂၃ ဒေါ်လာ ရှိခဲ့ရာမှ ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်တွင် ရွှေတစ်အောင်စလျှင် ၁၈၄၄ ဒေါ်လာအထိ ထပ်မံကျဆင်းခဲ့ပြီး ကမ္ဘာ့ရွှေဈေးသည် သုံးပတ်အတွင်း ရွှေတစ်အောင်စ ဒေါ်လာ ၇၀ အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။ ထို့အတူ ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၂၈၅၀ မှ ကျပ် ၂၈၆၀ ကြားတွင် တည်ငြိမ်လျက်ရှိသည်။
ယင်းကဲ့သို့ ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းလာမှုကြောင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်း နှစ်ပတ်အတွင်း ကျပ် ၅၀,၀၀၀ အထိ လျှော့ချသတ်မှတ်ခဲ့သည်။ သို့သော်လည်း ပြင်ပရွှေဈေးကွက်၌ ဖေဖော်ဝါရီ ၂၀ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၈၆၂,၀၀၀ ရှိခဲ့ပြီး ရွှေဈေးနှုန်း ကျပ် ၂,၈၆၀,၀၀၀ အထက်မှာပင် ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ ဖေဖော်ဝါရီ ၁၆ ရက်တွင် ရွှေဈေးနှုန်း ၂,၈၆၃,၀၀၀ ကျပ်၊ ဒေါ်လာဈေးနှုန်း ၂,၈၅၈ ကျပ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ရွှေဈေးနှုန်း ၂,၈၅၆,၀၀၀ ကျပ်၊ ဒေါ်လာဈေးနှုန်း ၂,၈၆၀ ကျပ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ရွှေဈေးနှုန်း ၂,၈၅၇,၀၀၀ ကျပ်၊ ဒေါ်လာဈေးနှုန်း ၂,၈၆၅ကျပ် ဖြစ်ပေါ်ခဲ့သည်။