MT News
Written by Pan Ei
ပြင်သစ်နိုင်ငံ၊ နယူးကယ်လီဒိုးနီးယားဒေသရှိ နာမည်ကျော် Chateau-Royal ကမ်းခြေ၏ကမ်းစပ်မှ မီတာ ၁၅၀ ခန့်အကွာတွင် ရေကူးနေသည့် သြစတြေးလျခရီးသွားတစ်ဦး ငါးမန်းတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
တနင်္ဂနွေနေ့(ဖေဖော်ဝါရီ ၁၉ရက်) ညနေ ၄နာရီခန့်က နယူးကယ်လီဒိုးနီးယားပြည်နယ်၏ မြို့တော်နူမီယာရှိ Château-Royal ကမ်းခြေတွင် အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦးရေကူးနေစဉ် ငါးမန်းတစ်ကောင်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမျိုးသားသည် ငါးမန်းထံမှအကြိမ်များစွာ အကိုက်ခံခဲ့ရပြီး လက်နှင့်ခြေထောက်တို့တွင် ဒဏ်ရာများ ရရှိခဲ့ကာ အခင်းဖြစ်ရာအနီးရှိ ရွက်လွှင့်နေသူနှစ်ဦးက ထိုလူကို ကမ်းစပ်သို့ အမြန်ပို့ခဲ့ပြီး အရပ်သားများနှင့် အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းများက ကယ်ဆယ်ရန် ကြိုးစားခဲ့သော်လည်း ငါးမန်းအကိုက်ခံရသည့် ဒဏ်ရာဒဏ်ချက်များကြောင့် သေဆုံးသွားခဲ့သည်ဟု သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ကမ်းခြေရှိ အခြားရေကူးနေသူများလည်း ဘေးကင်းရာသို့ ပြေးထွက်ခဲ့ကြရပြီး နိုင်ငံခြားခရီးသွားများအတွက် ရေပန်းစားသော နူမီယာမြို့ရှိ ကမ်းခြေများကို အာဏာပိုင်များက ပိတ်ခဲ့သည်။
New Caledonia သည် သြစတြေးလျနှင့် ကီလိုမီတာ ၁၂၀၇ ခန့်အကွာတွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် ငါးမန်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်ပွားသည့်နေရာများ၌ အဆင့် ၁၃ နေရာ၌ ရှိကြောင်း ဖလော်ရီဒါ သဘာဝသမိုင်းပြတိုက်၏ အဆိုအရ သိရသည်။
Ref; The Independent