MT News
Written By Myo Khine
ကျောင်းထိုင်ဆရာတော်အား ကားလှူမည်ပြောသူက ဆရာတော်ကားကို ခိုးယူသွားမှုတစ်ခု ဖေဖော်ဝါရီ ၂၀ ရက်က မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မိုးညှင်းကျောင်းတိုက်ဆရာတော်ဦးဇဝနထံ ဖုန်းဖြင့်ဆက်သွယ်၍ ကားလှူမည်ပြောပြီး မန္တလေးမှ ပန်းပင်များကိုလည်း ကျောင်းတိုက်အတွက်သယ်ယူမည်ဖြစ်ရာ ဆရာတော်ကားဖြင့်သယ်ယူပေးရန် လျှောက်တင်လာသည့်အပေါ် ဆရာတော်အနေဖြင့် ကျောင်းတိုက်မှ ဥပ္ပဇင်းနှစ်ပါးအား အဆိုပါကားဖြင့် မန္တလေးသို့ လွှတ်လိုက်စဉ် ခိုးယူခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“ဖြစ်စဉ်ကတော့ ကားလှူပါ့မယ်၊ မန္တလေးကို ကြွပေးပါတဲ့ ။ ပန်းပင်လေးတွေလည်းပဲ လှူချင်လို့။ ပန်းပင်လေးတွေလည်းလှူပြီးတော့ မိသားစု ၆ ယောက် ရေစက်ချပြီးတော့လှူမယ်။ ပန်းပင်လေးတွေလည်း ဆရာတော့်ကားနဲ့ တင်ပေးပါပြောတာနဲ့ ဦးဇင်းနှစ်ပါးကို မန္တလေးကိုလွှတ်လိုက်တာ။ ဦးဇင်းနှစ်ပါးကို မန္တလေးဘုရားကြီးနားက ဆွမ်းဆိုင်(ထမင်းဆိုင်)ထဲမှာ ဆွမ်းကပ်တယ်။ ပြီးတော့ အဲဒီလူက တပည့်တော်ရဲ့ အဒေါ်တွေကို သွားခေါ်မယ်။ ခေါပြီးတော့ ပန်းပင်လေးတွေ တင်ပြီးသွားမယ်ပေါ့။ ကားသော့ကို ယူပြီး ထွက်သွားတာ။ လွှတ်လိုက်တဲ့ ဦးဇင်းတွေကလည်း ဘုန်းကြီးရဲ့ တကာအရင်းတွေပဲလေဆိုပြီး ကားသော့ပေးလိုက်တယ်။ ပြန်ပေါ်မလာတော့တာ”ဟု ဆရာတော် ဦးဇဝန က MT News သို့ မိန့်သည်။
ခိုးယူခံရသော ကားမှာ MDY လိုင်စင်၊ ကားနံပါတ် 2D/7681 ၊ တိုယိုတာ Harrier ကားအမျိုးအစား.ဖြစ်ကြောင်း ဆရာတော်က မိန့်သည်။ လက်ရှိတွင် ရဲစခန်း၌လည်း တိုင်ချက်မဖွင့်သေးကြောင်း၊ တိုင်ရန် တပည့်ဒါယိကာများဖြင့် တိုင်ပင်မည်ဖြစ်ကြောင်း၊ လတ်တလောအနေဖြင့် နီးစပ်ရာအချင်းချင်း စုံစမ်းနေကြကြောင်းလည်း သိရသည်။
“ယူသွားတဲ့ ပုဂ္ဂိုလ်ကိုလည်း မြင်လည်းမမြင်ဖူးဘူး။ သိလည်းမသိဘူး။ တခြားက ဧည့်သည်တစ်ယောက်နဲ့ ချိတ်ပြီးတော့ ကျောင်းကိုရောက်လာတာ။ ဘုန်းကြီးနဲ့လည်းတွေ့မသွားပါဘူး။ အဲဒီဒါယကာမကလည်း ကိုယ့်ဒါယကာမလို ဖြစ်နေတော့ ကိုယ်ကလည်း သူတို့ကို ယုံတယ်။ သူတို့ကလည်း ကိုယ့်ကို ယုံတယ်။ ဒါကြောင့် သူတို့က လိုက်ပို့လိုက်တာ။ ဘုန်းကြီးနဲ့ မတွေ့တော့ နောက်တစ်ရက်မှာ ပြန်ချိန်းတာပေါ့။ ဒီနေ့ ၁၂ နာရီမှာပဲ ကားပါသွားတယ်။ မန္တလေး လိုင်စင်နဲ့ harrier ကားပါ။ သူတို့ဆက်တဲ့ ဖုန်းကို သိတယ်။ ဖုန်းကတော့ဖွင့်ထားတယ်။ လုံး၀ မကိုင်တော့ဘူး။ ဘာမှတော့ မလုပ်ရသေးဘူး။ စုံစမ်းနေတုန်းပေါ့။ မန္တလေးကို ကားမောင်းပြီး ကြွသွားတဲ့ ဦးဇင်းနှစ်ပါးလည်း ကျောင်းကိုရောက်ကြပါပြီ။.လုပ်မယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကတော့ အကွက်ကျကျနဲ့ စီစဉ်ထားတယ်နဲ့တူပါတယ်။ အတွင်းလူ မပါနိုင်ပါဘူး။ ပါဖို့ မလွယ်ပါဘူး။ ကျောင်းတိုက်ကလည်း နယ်လေးရပ်က ကိုးကွယ်နေကြတဲ့ တောင်ပြုန်းမင်းနှစ်ပါးဆီ သွားတဲ့ လမ်းပေါ်မှာရှိတာ။ လာကြပြုကြတဲ့အခါကျတော့ နာမည်ကြီးတဲ့ ဘုန်းကြီးကျောင်းကို ပို့ပေးပါ။ တစ်ခါတုန်းက မေးတုန်းက မှန်လို့ ကျောက်အောင်လို့ လှူမလို့ အဲဒီကျောင်းကို လိုက်ပို့ပေးပါလို့ဆိုလို့ လိုက်ပို့ကြတာ။ဘာမှ မသိဘူး။ လိုက်ပို့တဲ့သူတွေကလည်း လှူမယ်ဆိုတော့ ကိုယ့်ဘုန်းကြီးဆိုပြီးတော့ ဝမ်းသာတာပေါ့။ ဒါကြောင့် လိုက်ပို့ကြတာပါ”ဟု ဆရာတော်က မိန့်သည်။