၂၀. ၂. ၂၀၂၃
Written by Nay Moe
အမေရိကန်အပါအဝင် နိုင်ငံကြီးတွေက မြန်မာနိုင်ငံလို နိုင်ငံငယ်လေးတွေကို သူတို့လုပ်ချင်သလိုလုပ်လို့ရအောင် ဝင်ရောက်ချုပ်ကိုင်ချယ်လှယ်မှုတွေ လုပ်လာချိန်မှာ နိုင်ငံငယ်လေးတွေအနေနဲ့ ပြိုပျက်ရတာတွေ ရှိသလို လက်ရှိအချိန်မှာလည်း နိုင်ငံကြီးတွေက ပြိုပျက်အောင်အလုပ်ခံနေရတဲ့ မြန်မာနိုင်ငံကို ကူညီပေးနေတဲ့ ရုရှားနိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောလာတဲ့ ဒီရက်သတ္တပတ်မှာ ပိုမိုမြင့်တက်လာတာကတော့ လက်နက်မဲ့ နိုင်ငံ့ဝန်ထမ်းတွေ ပြည်သူတွေကို သတ်ဖြတ်ခံရမှုပါ။
ဒါကြောင့်လည်း ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ဆူပူ အကြမ်းဖက်၊ လူသတ်၊ မီးရှို့မှုတွေ မလျော့သေးတဲ့ နစက တာဝန်ယူမှု နှစ်နှစ်တာ ကာလအကြောင်း၊ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်လာတဲ့ ပါတီတွေအကြောင်းနဲ့ Cobra Gold စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်မှာ ဖိတ်ကြားခံရမှာမဟုတ်ဘူးလို့ ငြင်းပယ်ခံရပြန်တဲ့ မြန်မာနိုင်ငံအကြောင်းတွေကို တင်ပြချင်ပါတယ်။
”ဆူပူအကြမ်းဖက်၊ လူသတ်၊ မီးရှို့မှုတွေ မလျော့သေးတဲ့ နှစ်နှစ်”
လက်ရှိအခြေအနေမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့တာ နှစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပေမဲ့လည်း နှစ်နှစ်တာကာလလုံးဖြစ်ခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေ၊ လူသတ်၊ မီးရှို့၊ ဖောက်ခွဲဖျက်ဆီးမှုတွေ သိသိသာသာ လျော့နည်းကျဆင်းသွားတာ မရှိဘူးလို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလာပါတယ်။
မှန်ပါတယ်။ နစက တာဝန်စယူတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ ဆူပူအကြမ်းဖက်မှုတွေကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင်ပစ္စည်းတွေ တစ်နိုင်ငံလုံး ပျက်စီးဆုံးရှုံးမှုက ၄,၉၁၇ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး တစ်နိုင်ငံလုံး လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနဲ့ ပစ်ခတ်ခံရမှု ၈,၅၂၇ ကြိမ်၊ တိုက်ခိုက်ခံရမှု ၉,၆၈၆ ကြိမ်၊ မီးရှို့မှု ၁,၂၃၁ ကြိမ်၊ စုစုပေါင်းအကြမ်းဖက်မှု ၁၉,၄၄၄ ကြိမ် ဖြစ်ပွားခဲ့သလို ဒီလိုတိုက်ခိုက်မှုတွေကြောင့် ၊ အစိုးရဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သား အပါအဝင် စုစုပေါင်း သေဆုံးသူ ၅,၄၄၃ ဦးနဲ့ ဒဏ်ရာရသူ ၄,၅၇၇ ဦးအထိ ရှိလာပါတယ်။
လက်ရှိအခြေအနေမှာလည်း ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်ဆိုတဲ့ Target နဲ့ NUG က လှုပ်ရှားလာတာမို့လို့ ၂၀၂၃ ဇန်နဝါရီ ၂၅ ရက်ကနေ ဖေဖော်ဝါရီ ၂၀ အထိ ကာလအတွင်းမှာ သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင်လုပ်ပေးသူဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံရသူ ၃၀၀ နီးနီးတိုးလာပြီလို့လည်း ကြားသိရတာကြောင့် တစ်ရက်ကို ၁၂ ဦးနှုန်းလောက် သေဆုံးနေရတဲ့အသွင်ဖြစ်လာပါတယ်။ သေချာတာကတော့ ဒီလိုမျိုး ဖြစ်နေလေလေ နစက တာဝန်ယူ သက်တမ်းတိုးမဲ့ကာလ ကြာမြင့်လေလေဖြစ်လာမှာပါပဲ။
”ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်လာတဲ့ ပါတီတွေ”
ပြည်ထောင်စုအဆင့်ယှဉ်ပြိုင်မယ်ဆိုတဲ့ ပါတီတွေဟာ ပါတီဝင်အင်အား တစ်သိန်း၊ ကျပ်သိန်း ၁၀၀၀ ဘဏ်စာရင်းမှာရှိဖို့၊ မြို့နယ်ရုံး ၁၆၅ ရုံးမှာ ရုံးတွေဖွင့်ဖို့နဲ့ ရွေးကောက်ပွဲမှာ ကျင်းပတဲ့မဲဆန္ဒနယ်တွေရဲ့ ထက်ဝက်လောက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆိုတဲ့အချက်တွေက ခက်ခဲမယ်ဆိုပေမဲ့ လက်ရှိအချိန်မှာတော့ NDF လို အင်အားနည်းတယ် ယူဆခံရတဲ့ပါတီကတောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်ဖို့ ကြိုးပမ်းတော့မှာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party) တို့ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်လာမှာဖြစ်သလို PPP ပါတီ၊ ပြည်သူ့ပါတီလိုမျိုးအပြင် NLD ပါတီဝင်ဟောင်းတွေနဲ့ ပွဲထွက်လာမဲ့ ဦးကျော်ဇေယျတို့ရဲ့ ပါတီကလည်း ပြည်ထောင်စုအဆင့်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ခြေလှမ်းပြင်နေတာကို တွေ့နေရပါတယ်။ ဒါ့အပြင် ပါတီငယ်တွေကလည်း စုပေါင်းပြီး ပြည်ထောင်စုအဆင့်ကို ခြေလှမ်းပြင်ဖွယ်ရှိနေတာကြောင့် လာမဲ့ PR ရွေးကောက်ပွဲဟာ ပြည်ထောင်စုအဆင့်ဝင်ပြိုင်မဲ့ပါတီ ၁၀ ပါတီလောက် ရှိနေပြီဖြစ်သလို ဒီလိုမျိုး ပြည်ထောင်စုအဆင့်ဝင်ပြိုင်ဖို့ ခြေလှမ်းသွက်နေတဲ့ ပါတီတွေကို အကဲခတ်မှုအရလည်း လာမဲ့ PR ရွေးကောက်ပွဲဟာ အနှေးဆုံးတစ်နှစ်အတွင်း ပေါ်လာမယ်လို့ ခန့်မှန်းမိပါတယ်။
”Cobra Gold စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်မှာ ဖိတ်ကြားခံရမှာမဟုတ်တဲ့ မြန်မာနိုင်ငံ”
ထိုင်းနဲ့ အမေရိကန်နိုင်ငံတို့က ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ်လ ၁၀ ရက်နေ့အထိ ဦးဆောင်ကျင်းပမဲ့ Cobra Gold စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်မှာ နိုင်ငံပေါင်း ၃၀ က တပ်ဖွဲ့ဝင်ပေါင်း ၇၃၉၄ ဦးပါဝင်မှာဖြစ်ပေမဲ့ မြန်မာနိုင်ငံကတော့ သုံးနှစ်ဆက် ဖိတ်ကြားခံရမှာ မဟုတ်ဘူးလို့ ထိုင်းစစ်ဗိုလ်ချုပ် Thitichai Tiantong က ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ကို ဘရာဇီး၊ ကမ္ဘောဒီးယား၊ လာအို၊ ပါကစ္စတန်၊ ဗီယက်နမ်၊ ဂျာမနီ၊ ဆွီဒင်၊ ဂရိ၊ သီရိလင်္ကာ၊ ကူဝိတ်၊ ထိုင်း၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့ စစ်ရေးလေ့ကျင့်ရာမှာ ပူးပေါင်းပါဝင်မှာဖြစ်သလို ဒီစစ်ရေးလေ့ကျင့်မှုတွေမှာ အမေရိကန်ယိမ်းနိုင်ငံတွေချည်းဖြစ်နေတာက စစ်ရေးလေ့ကျင့်ပြီးရင် လေ့ကျင့်တဲ့လက်နက်တွေ ဘယ်ရောက်ကုန်မလဲဆိုတာ တွေးဆစရာဖြစ်လာပါတယ်။
ပြီးခဲ့တဲ့နှစ်တွေ Cobra Gold စစ်ရေးလေ့ကျင့်မှုအပြီးမှာ သူတို့ လေ့ကျင့်ပစ်ခတ်ရာမှာသုံးခဲ့တဲ့ လက်နက်တွေက မြန်မာနိုင်ငံထဲကို ရောက်ရှိခဲ့တယ်လို့သိရပြီး ဖမ်းမိတဲ့လက်နက်အများစုကလည်း အမေရိကန်နဲ့ ဂျာမနီနိုင်ငံထုတ်လက်နက်တွေဖြစ်နေတယ်လို့ စစ်ရေးလေ့လာသူတွေက ပြောဆိုကြတာမို့လို့ ဒီနှစ် Cobra Gold စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အပြီးမှာ မြန်မာနိုင်ငံဆီကို လက်နက်တွေ ဘယ်လောက်စိမ့်ဝင်မလဲ။ ဘယ်လောက်တားနိုင်မလဲ။ အခုတောင် ၅၇၀၀ ကျော်အသတ်ခံထားရတဲ့ ပြည်သူ့အသက်ကရော ဘယ်လောက်အထိ ထပ်ပေးဆပ်ရဦးမလဲဆိုတာ တွေးလေ ရင်မောစရာအခြေအနေပါလို့ သုံးသပ်ရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။
ပုံစာ။ PDF များက လုပ်ကြံသတ်ဖြတ်ထားကြောင်း သတင်းထုတ်ပြန်ခံရသူများ သေဆုံးနေမှုမြင်ကွင်း
#mtnews #mt_news_review
#myanmar_transparency_news