၂၀. ၂. ၂၀၂၃
Written by Peya
ဆူပူအကြမ်းဖက်မှုများကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုများနှင့် အလှမ်းဝေးဆဲဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
ပြည်တွင်း၊ ပြည်ပငြိမ်းချမ်းရေးရရှိစေရန်နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အလေးထားကြိုးစား ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့်လည်း မိတ်ဝတ်မပျက် ရင်းနှီးခင်မင်စွာ ဆက်ဆံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားဆောင်ရွက်လျက် ရှိသော်လည်း မိမိတို့နိုင်ငံ၏ ကောင်းရာကောင်းကျိုးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော ပြည်ပနိုင်ငံကြီးများနှင့် ပြည်ပဩဇာခံအဖွဲ့အစည်းများ၊ နိုင်ငံ့အကျိုးကိုပစ်ပယ်ပြီး မိမိအာဏာရရှိရေးနှင့် ကိုယ်ကျိုးအတ္တကိုသာ ရှေ့တန်းတင်၍ အလုံးစုံ ပျက်စီးရေးကို ပြုလုပ်နေကြသူများ၏ ဆူပူ အကြမ်းဖက်မှုများကြောင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုများနှင့် အလှမ်းဝေးဆဲဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ပုံမှန်အခြေအနေရောက်အောင် ထိန်းသိမ်းမြှင့်တင်ပြီးမှသာ ရှေ့ဆက်ရမည့် လုပ်ငန်းတာဝန်များနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းလည်း ထည့်သွင်း ရေးသားထားသည်။
တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါသည့်အလျောက် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ ဦးတည်ချက်ထားဖော်ဆောင်နေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။