၂၀.၂.၂၀၂၃
Written by Pan Ei
Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ကနေ အသုံးပြုသူတွေကို မှန်ကန်ကြောင်း စိစစ်အတည်ပြုပေးနိုင်မယ့် အပြာရောင်ဘလူးမက်ခ် (Blue Badge)တွေကို လစဉ်ငွေပေးချေကာ ရယူနိုင်မယ့်အစီအစဉ်ကို စတင်ဖို့ စမ်းသပ်နေပြီဖြစ်တယ်လို့ မာ့ခ် ဇူကာဘက်က တနင်္ဂနွေနေ့ (ဖေဖော်ဝါရီလ ၁၉ရက်)က ဖေ့စ်ဘွတ်ခ်ကနေ ကြေညာခဲ့ပါတယ်။
အဆိုပါ အစီအစဉ်ကို ဒီသီတင်းပတ်ကစတင်ပြီး သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့မှာ စတင်အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပြီး မကြာမီအချိန်အတွင်း အခြားနိုင်ငံတွေမှာလည်း အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ မာခ့် ဇူကာဘက်က ဆိုပါတယ်။
အဆိုပါ အစီအစဉ်ကို ကြေညာတဲ့ ဇူကာဘက်ရဲ့ ပိုစ့်အောက်မှာ ဖေ့စ်ဘွတ်ခ် အသုံးပြုသူတစ်ဦးက “လူတွေရဲ့ ပံ့ပိုးထောက်ပံ့မှုတွေကြောင့် ရရှိတာက ဒီအပြာရောင်စစ်ဆေးမှု အမှတ်အသားထက် များစွာပိုပြီးတော့ တန်ဖိုးအစစ်အမှန်ဖြစ်တယ်”လို့ မှတ်ချက်ပြုခဲ့ရာ ဇူကာဘက်က “ဒါဟာ တန်ဖိုးကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်သဘောတူပါတယ်။ ဒါပေမယ့် သင်က အစိုးရအိုင်ဒီနဲ့ သင့်အကောင့်ကို အတည်ပြုပြီးတာနဲ့ ဘယ်အကောင့်က သင်အစစ်အမှန်ဖြစ်တယ်ဆိုတာ သိရှိနိုင်တာမို့လို့ အကောင့်အတုတွေကို ပိုမိုထိရောက်စွာ ဖယ်ရှားနိုင်မှာဖြစ်တယ်” လို့ ပြန်လည် မှတ်ချက်ပြုခဲ့ပါတယ်။
ဒါ့အပြင် အခြားဖေ့စ်ဘွတ်ခ် အသုံးပြုသူတစ်ဦးကလည်း “ဒါက ပင်မထုတ်ကုန်ရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်သင့်ပါတယ်။ အသုံးပြုသူတွေက ဒါအတွက် ပေးဆောင်ဖို့ မလိုအပ်သင့်ပါဘူး။ Meta က ဒါကို လိုအပ်ချက်တစ်ခုလို ဖြည့်ဆည်းနေတာက ဒီကနေ အမြတ်ရရှိဖို့အတွက်ကြောင့်ပါလား။ အဲ့ဒါက စစ်မှန်မှုကို ဘယ်လိုထောက်ခံလဲဆိုတာ မသိရသေးသလို ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းပြောပါ” လို့ မှတ်ချက်ပြုခဲ့ပြီး ဇူကာဘက်က “ကျွန်ုပ်တို့က လူတိုင်းအတွက် အကာအကွယ်တွေနဲ့ ပံ့ပိုးမှုတချို့ကို ပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရ ID တွေကို စိစစ်ပြီး သန်းနှင့်ချီတဲ့ လူတွေအတွက် လူတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ တိုက်ရိုက်ရရှိခွင့်ပေးတာက ငွေကြေးပမာဏများစွာ ကုန်ကျစေပါတယ်။ ဒါပေမယ့် ဒီစာရင်းသွင်းခတွေကတော့ ဒီအချက်ကို ကာပေးစေနိုင်မှာဖြစ်တဲ့အပြင် ကျွန်တော်တို့ရဲ့ အတိုင်းအတာအတိုင်း စာရင်းသွင်းသူအရေအတွက်ကိုလည်း အရှိန်အဟုန်နဲ့ တိုးမြှင့်နိုင်လာပါလိမ့်မယ်” လို့ ပြန်လည်မှတ်ချက်ပြုခဲ့ပါတယ်။
ဘီလျံနာသူဌေးဖြစ်တဲ့ အီလွန်မက်ခ် ပိုင်ဆိုင်သွားတဲ့ တွစ်တာ(Twitter)ကလည်း အခကြေးငွေနဲ့ သူ့ရဲ့ကိုယ်ပိုင်အတည်ပြုစာရင်းသွင်းခြင်းဝန်ဆောင်မှုဖြစ်တဲ့ တွစ်တာ ဘလူး ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ ပြန်လည်စတင်ခဲ့ပြီးနောက် Facebook နဲ့ Instagram တို့မှာလည်း အခုလိုအစီအစဉ်မျိုးကို စတင်လုပ်ဆောင်နေတာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အကောင့်အတုတွေကို ရှောင်ရှားဖို့နဲ့ အပြာရောင်ဘလူးမက်ခ်ကို ရယူလိုတဲ့ သုံးစွဲသူတွေဟာ သူတို့ရဲ့ပရိုဖိုင်အမည်နဲ့ ပုံနဲ့ ကိုက်ညီတဲ့ အစိုးရ ID ကို ပေးဆောင်ရမှာဖြစ်ပြီး အသုံးပြုသူတွေက ၁၈ နှစ်အထက် ဖြစ်ရမယ်လို့သိရပါတယ်။
အဆိုပါ Meta ရဲ့ အတည်ပြုဝန်ဆောင်မှုကို ဝက်ဘ်ဆိုဒ်ပေါ်မှာ ဝယ်ယူပါက တစ်လလျှင် ၁၁ ဒသမ ၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး iOS ထုတ်ကုန်ပစ္စည်းများမှ ဝယ်ယူပါက ၁၄ ဒသမ ၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref; Mark Zuckerberg’s Facebook, Reuters