◾️လူအများအပြားပျောက်ဆုံးနေမှုကြောင့် သေဆုံးသူဦးရေ ဆက်လက်မြင့်တက်လာနိုင်
၂၀. ၂. ၂၀၂၃
Translated by Htwe Ko Tun
ဘရာဇီးလ်နိုင်ငံမြောက်ပိုင်း၊ ဆော်ပေါလိုပြည်နယ်အတွင်း ဖေဖော်ဝါရီ ၁၉ ရက်က မိုးအကြီးအကျယ်ရွာသွန်းမှုကြောင့် လူ ၃၆ ဦးအထိ သေဆုံးခဲ့ရပြီး သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဆော်ပေါလိုပြည်နယ် အစိုးရကလည်း ဆော်ဆီဘာစတီအိုမြို့တွင် လူ ၃၅ ဦးသေဆုံးခဲ့ရပြီး၊ ယူဘာတူဘာမြို့တွင် ခုနှစ်နှစ်သမီးမိန်းကလေးတစ်ယောက် သေဆုံးခဲ့ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။ မိုးက ဆော်ဆီဘာစတီအိုမြို့၊ ယူဘာတူဘာမြို့၊ အီလ်ဟာဘယ်လာမြို့နှင့် ဘာတီအိုဂါမြို့များတွင် ပြင်းထန်စွာရွာသွန်းခဲ့ခြင်းဖြစ်ပြီး ကာနီဗယ်လ်ပွဲတော်အခမ်းအနားများကို ဖျက်သိမ်းခဲ့ရကာ ကယ်ဆယ်ရေးအဖွဲ့များကလည်း ပျောက်ဆုံးနေသူ၊ ဒဏ်ရာရသူများနှင့် ထိခိုက်သေဆုံးနေသူများကို အပျက်အစီးပုံများအောက်တွင် လိုက်လံရှာဖွေလျက်ရှိကြသည်။
ဆော်ဆီဘာစတီအိုမြို့၊ မြို့တော်ဝန် အော်ဂတ်စတိုက ကယ်ဆယ်ရေးအဖွဲ့များကို နေရာများစွာသို့ စေလွှတ်ပေးနိုင်ခြင်းမရှိသေးဘဲ အခြေအနေမှာ ဖရိုဖရဲဖြစ်နေရသေးကြောင်း၊ လူအများအပြားပျောက်ဆုံးလျက်ရှိကာ မြို့အတွင်း မြေပြိုကျမှုများကြောင့် အိမ်အလုံး ၅၀ ခန့် ပြိုကျပျက်စီးခဲ့ကြောင်း ပြောခဲ့သည်။ ထို့ပြင် ၎င်းက ကလေးငယ်တစ်ဦးအား ရေလွှမ်းမိုးနေသောလမ်းအလယ်မှ ပြန်လည်ကယ်ဆယ်နေကြရပုံအပါအဝင် ဗီဒီယိုအချို့အား လူမှုကွန်ရက်၌တင်ခဲ့ကြောင်း တွေ့ရသည်။
ဆော်ပေါလိုပြည်နယ်အတွင်း မိုးရေချိန် ၆၀၀ မီလီမီတာ(၂၃ ဒသမ ၆ လက်မ)ရှိခဲ့ကာ ဘရာဇီးလ်နိုင်ငံတွင် အမြင့်ဆုံးသောမိုးရေချိန်ရွာသွန်းမှု ဖြစ်ခဲ့သည်။ ရုပ်မြင်သံကြားပြကွက်များတွင် ဒေသအတွင်း မိုးရွာသွန်းမှုကြောင့် အိမ်များမှာ အမိုးကိုသာမြင်ရတော့သည်အထိ ရေနစ်မြုပ်ကုန်ကြသည်ကို တွေ့ကြရပြီး လှေများဖြင့်သွားလာနေကြရသည်ကို တွေ့ရသည်။ ဆိပ်ကမ်းမြို့ ဆန်တိုစ်နှင့် မြို့တော် ရီအိုဒီဂျနေးရိုးတို့ ဆက်သွယ်ရာလမ်းမကြီးမှာလည်း မြေပြိုမှုများ၊ ရေလွှမ်းမိုးမှုများဖြင့် ပိတ်ဆို့နေသည်ကို တွေ့ကြရသည်။
ဘရာဇီးလ်နိုင်ငံ၏ မြောက်ဘက်ကမ်းခြေမြို့ဖြစ်သော ဆော်ပေါလိုမြို့မှာ ချမ်းသာသော ကမ္ဘာလှည့်ခရီးသွားများက မြို့ကြီးများ၏ လမ်းပေါ်ပါတီပွဲများထက် ပိုမိုနှစ်သက်လေ့ရှိကြသည့် ကာနီဗယ်လ်ပွဲတော်အခမ်းအနားများ မကြာခဏကျင်းပလေ့ရှိရာ မြို့ဖြစ်သည်။
Ref— AP