၂၀. ၂. ၂၀၂၃
Written by Nay Moe ၊ Peya
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဦးဖြိုးမင်းသိန်းအား ရွေးကောက်ပွဲတွင် မလျော်ဩဇာပြုကျင့်မှုဖြင့် တရားစွဲဆိုခံထားရမှုအတွက် ဒဂုံမြို့နယ်တရားရုံးက ဒဏ်ငွေကျပ်တစ်သိန်းချမှတ်လိုက်သည်ဟု MT News သတင်းဌာနက ရရှိထားသည့် ကနဦးသတင်းများအရ သိရသည်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်ခဲ့မှုဖြင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ သမ္မတဟောင်းဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရအဖွဲ့ဝင်ဟောင်းများ၊ ဝန်ကြီးချုပ်ဟောင်းများ စသည်ဖြင့် တာဝန်ရှိသူများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသော်လည်း အလားတူပုဒ်မများဖြင့် အမှုဖွင့်ခံရသည့် ဦးဖြိုးမင်းသိန်းမှာမူ ငွေဒဏ်သာ ကျခံခဲ့ရခြင်းဖြစ်သည်။
“ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို အများယုံကြည်လေးစားသူတွေနဲ့ ဖွဲ့ရမယ်ဆိုတာကို သူက ဒီလူ၊ ဒီလူတွေနဲ့ ဖွဲ့ပါဆိုပြီး ရွေးကောက်ပွဲကော်မရှင်ကို လွှမ်းမိုးခဲ့တာ။ အဲဒီလို လွှမ်းမိုးခဲ့တာကြောင့် ရွေးကောက်ပွဲကော်မရှင်က သူပေးတဲ့ လူစာရင်းတွေနဲ့ ကြေညာချက်အမှတ် ၃၃/၂၀၁၇ နဲ့ ဖွဲ့စည်းပေးလိုက်တာ။ အဲဒီလိုမျိုး နိုင်ငံရေးအရ မကင်းရှင်းသူတွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဖွဲ့လိုက်တယ်။ အဲဒီလိုမျိုးဖွဲ့လိုက်တာကြောင့် ဦးဖြိုးမင်းသိန်းကို ရွေးကောက်ပွဲကော်မရှင်ပုဒ်မ ၁၀၊ ၁၂၊ ၁၄၊ ၁၆ နဲ့ ခွင့်ပြုချက်မရှိဘဲလုပ်လို့ဆိုပြီး ရန်ကုန်တောင်ပိုင်းခရိုင်မှာ တာဝန်ရှိသူတစ်ဦးကနေပြီးတော့ အမှုဖွင့်ခဲ့တာ။ အဲဒီလို အမှုဖွင့်တာကို တရားသူကြီးက လက်ခံပြီးစစ်ဆေးတယ်။ လက်ခံပြီးတော့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ဒဂုံမြို့နယ် ပဒုမ္မာလမ်းမှာရှိတဲ့ တရားရုံးကိုခေါ်တယ်။ ခေါ်တော့ ဦးဖြိုးမင်းသိန်းလာတယ်။ အပြစ်ရှိတယ်ဝန်ခံပြီးတော့ ဒဏ်ငွေတစ်သိန်းပေးပြီးပြန်သွားတယ်။ တခြားသူတွေဆိုရင်တော့ ထောင်ချလို့ရတဲ့ ပုဒ်မတွေ” ဟု အဆိုပါအမှုဖြစ်စဉ်အပေါ် သိရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးထံ MT News သတင်းဌာနက ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် နေ့လည် ၂ နာရီကျော်အချိန်တွင် ဆက်သွယ်မေးမြန်းရာ “(ထောင်ဒဏ်အစား ငွေဒဏ် ၁ သိန်း ပြစ်ဒဏ်ချတဲ့ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး) အဲ့ဒီဟာကို ကျွန်တော်သေချာမသိပါဘူး” ဟု ပြန်လည်ဖြေကြားသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ တရားရုံး သို့မဟုတ် ဥပဒေဘက်ဆိုင်ရာဌာနသို့ မေးမြန်းပါက ပိုမိုရှင်းလင်းမည် ဖြစ်ကြောင်းနှင့် ထိုသို့ အမိန့်ချခဲ့ခြင်း ရှိ၊ မရှိကို ၎င်းအနေဖြင့် ပြော၍မရဘဲ တရားရုံးကသာလျှင် အမိန့်ချမှတ်ခဲ့သည့် အခြေအနေကို ပြော၍ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ MT News သတင်းဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများစွာကို ဆက်သွယ်မေးမြန်းသော်လည်း တိကျသည့် ပြန်လည်ဖြေဆိုမှုမရှိဘဲ ဆက်သွယ်မေးမြန်းခဲ့သူအများစုက အခြားသူများကိုသာ အဆင့်ဆင့်မေးမြန်းရန် ပြောကြားမှုများသာ တုံ့ပြန်မှုရရှိခဲ့သည်။
MT News သတင်းဌာနအနေဖြင့် အဆိုပါဖြစ်စဉ်အသေးစိတ်ကို တာဝန်ရှိသူ ဦးဖြိုးမင်းသိန်းနှင့် ဒဂုံမြို့နယ် ပဒုမ္မာလမ်းရှိတရားရုံးနှင့် ဖြေကြားပေးနိုင်မည့် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအား ဆက်သွယ်မေးမြန်းအတည်ပြုရန် ကြိုးစားနေပြီး ထိုဖြစ်စဉ်များ မှန်ကန်မှုရှိ မရှိနှင့် အသေးစိတ်သိရှိရသည်များကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။