၂၀. ၂. ၂၀၂၃
Written by Peya
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ဖေဖော်ဝါရီ ၁၉ ရက်က ကိုရင် ၅ ပါး ရေနစ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ အဆိုပါ ဖြစ်စဉ်မှ ပျောက်ဆုံးနေသော ကိုရင်၏ရုပ်ကြွင်းကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် ပြန်ရှာတွေ့ခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရေနစ်ခဲ့သည့် ကိုရင်ငယ်များမှာ အမရပူရမြို့နယ် ရွှေရန်လင်း မင်းကျောင်း (ဘ/က) စာသင်တိုက် ဥယျာဉ်တော်ကျေးရွာမှဖြစ်ပြီး ညနေပိုင်း ၄ နာရီအချိန်ခန့်က ဒုဌဝတီမြစ်အတွင်း ကိုရင်လေးများ ရေဆော့ကစားစဥ် ကိုရင် ၅ ပါး မတော်တဆ ရေနစ်ရာ ၄ ပါးကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့သော်လည်း ၁ ပါးမှာ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ ပြန်တွေ့ပါတယ်။ နစ်တဲ့နေရာရဲ့ မလှမ်းမကမ်းမှာ အလောင်းကို ပြန်တွေ့ရတယ်။ မနက်ပိုင်း ၇ နာရီနဲ့ ၈ နာရီ ကြားမှာ ပြန်တွေ့တာပါ” ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီ) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရုပ်ကလာပ်ပြန်တွေ့ရသော ကိုရင်မှာ အသက် ၁၃ နှစ် ဖြစ်ပြီး ဘွဲ့မှာ ကိုရင်ဩဒဿ ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီ) မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။