◾️ မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများကြောင့် အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်
၂၀. ၂. ၂၀၂၃
Translated by Htwe Ko Tun
မြောက်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီ ၁၈ ရက်တွင် အမေရိကန်နိုင်ငံအထိ ရောက်ရှိနိုင်သော Hwasong-15 တာဝေးပစ် တိုက်ချင်းပစ်ဒုံးပျံတစ်စင်းကို ပစ်လွှတ်ခဲ့ပြီးနောက် ၄၈ နာရီအတွင်းမှာပင် နည်းဗျူဟာကျသော နျူကလီးယားတိုက်ခိုက်မှုများဖြင့် ရန်သူလေတပ်အခြေစိုက်စခန်းများကို တိုက်ခိုက်နိုင်သည်ဆိုသည့် တိုက်ချင်းပစ်ဒုံးပျံနှစ်စင်းကို ဖေဖော်ဝါရီ ၂၀ တွင် ထပ်မံပစ်လွှတ်ခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၈ ရက်တွင် ပစ်လွှတ်ခဲ့သော တာဝေးပစ် တိုက်ချင်းပစ်ဒုံးပျံက ဂျပန်နိုင်ငံ၏ ပင်လယ်ရေပြင် စီးပွားရေးပိုင်နက်အတွင်းကျခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် မဟာဗျူဟာဗုံးကြဲလေယာဉ်များနှင့် ကိုယ်ပျောက်တိုက်လေယာဉ်များ ပါဝင်သော အမေရိကန်-တောင်ကိုရီးယား ပူးတွဲလေကြောင်းလေ့ကျင့်မှုကို တုံ့ပြန်ပြုလုပ်ရန်ဖြစ်စေခဲ့သည်ဟု ဂျပန်အစိုးရက ပြောခဲ့သည်။
မြောက်ကိုရီးယား၏ ကိုရီးယားပြည်သူ့တပ်မတော်အနေဖြင့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲလေကြောင်းလေ့ကျင့်မှုကို တန်ပြန်သည့်အနေဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်ဟုလည်း ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားအစိုးရက အမေရိကန်နှင့် မဟာမိတ်များက ဒေသအတွင်းလုံခြုံရေးအခြေအနေပျက်ပြားစေရန် ဆောင်ရွက်နေကြောင်း၊ ကိုရီးယား ပြည်သူ့တပ်မတော်အနေဖြင့် ရန်သူအား တားဆီးရန်နှင့်တုံ့ပြန်တိုက်ခိုက်ရန် အပြည့်အဝအဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားစစ်ဘက်က ဖေဖော်ဝါရီ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီမှ ၇ နာရီ ၁၁ မိနစ်အတွင်း မြောက်ကိုရီးယားက တာတိုပစ် တိုက်ချင်းပစ် ဒုံးပျံနှစ်စင်းကိုပစ်လွှတ်ခဲ့ကြောင်း တစ်စင်းက ၃၉၀ ကီလိုမီတာ၊ အခြားတစ်စင်းက ၃၄၀ ကီလိုမီတာ ပျံသန်းခဲ့ပြီးနောက် အရှေ့ပင်လယ်အတွင်း ပျက်ကျခဲ့ကြောင်း ပြောကြားခဲ့သည်။ တာတိုပစ်တိုက်ချင်းပစ်ဒုံးပျံများကို ပစ်လွှတ်ပြခြင်းက မြောက်ကိုရီးယားအနေဖြင့် ဒေသအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများနှင့် တောင်ကိုရီးယားအမိန့်ပေးဌာနချုပ်တို့ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်သည်ကို ပြသခြင်းဟု ယူဆကြသည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများဟု မြောက်ကိုရီးယားက သုံးသပ်ထားပြီး မကြုံဖူးလောက်အောင် ပြင်းထန်သောတုံ့ပြန်မှုပြုလုပ်သွားမည်ဟု လွန်ခဲ့သောအပတ်က သတိပေးခဲ့သည်။ တောင်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးမှာလည်း လွန်ခဲ့သောနှစ်များအတွင်း အနိမ့်ဆုံးအဆင့်သို့ရောက်ရှိလျက်ရှိသည်။
Ref—AFP