MT News
Written by Nay Aung
လောင်စာဆီဈေးနှုန်းများနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်သွားမှုက ရန်ကုန်မြို့ရှိ အိမ်ထောင်စုများ၏ လူမှုစီးပွားအခြေအနေကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရသိရသည်။
ရန်ကုန်မြို့ရှိ ဆင်းရဲနွမ်းပါးသူအများဆုံးနေထိုင်သည့်မြို့နယ် ၈ မြို့နယ်ရှိ လူဦးရေ လေးပုံတစ်ပုံသည် ပြီးခဲ့သော ၁၂ လအတွင်း ဝင်ငွေမရှိဘဲနေရသည့် အခြေအနေကို မကြာခဏ ကြုံတွေ့ခဲ့ရကာရှင်သန်နေထိုင်ခဲ့ရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP ကဆိုသည်။
ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် UNDP သည် ရန်ကုန်မြို့တွင်နေထိုင်သူ လူပေါင်း ၃၀၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ပြီးနောက် ယင်းကဲ့သို့ဖော်ပြထားခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ စစ်တမ်းကောက်ယူမှုတွင် ပါဝင်ဖြေဆိုသူ သုံးပုံနှစ်ပုံသည် ရန်ကုန်မြို့ရှိ ဆင်းရဲနွမ်းပါးသူ လူဦးရေအများဆုံးနေထိုင်သည့် မြို့နယ် ၈ မြို့နယ်မှဖြစ်ကြောင်း သိရသည်။ ဝင်ငွေမရှိသောအခြေနေများက ရန်ကုန်မြို့ရှိ ဆင်းရဲနွမ်းပါးသူ လူဦးရေအများဆုံးနေထိုင်သည့် ၈ မြို့နယ်ရှိ အိမ်ထောင်စုများ၏ ကျန်းမာရေးနှင့် ရေရှည်လူမှုစီးပွား အခြေအနေများကို ခြိမ်းခြောက်နေကြောင်း သိရသည်။
အိမ်ထောင်စုများသည် အစားလျှော့စားခြင်း၊ အာဟာရပြည့်ဝသော အစားအစာများ လျှော့၍စားသုံးခြင်း ၎င်းတို့ပိုင်ဆိုင်သည့် ရုပ်ဝတ္ထုပစ္စည်းများကို ခွဲခြမ်းရောင်းချခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများအား ခံယူကုသမှုမရှိခြင်း စသည့် လတ်တလော ရင်ဆိုင်ဖြေရှင်းသည့် နည်းလမ်းများဖြင့် ဝင်ငွေလျော့နည်းမှုကို ဖြေရှင်းနေရသည်ဟု UNDP က ဖော်ပြထားသည်။
အစီရင်ခံစာနှင့် စစ်တမ်းကောက်ယူမှုများအရ ရန်ကုန်မြို့ရှိ ဆင်းရဲနွမ်းပါးသူ လူဦးရေအများဆုံးနေထိုင်သည့် ၈ မြို့နယ်ရှိ နေထိုင်သူများသည် အခြားမြို့နယ်ရှိ နေထိုင်သူများနှင့် နှိုင်းယှဉ်လျှင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာညွှန်းကိန်းများအားလုံး၌ အခြေအနေ ပိုမိုနိမ့်ကျနေသည်ကို တွေ့ရှိရကြောင်း ကုလသမဂ္ဂကဆိုသည်။
၂၀၂၁ ခုနှစ်မှ စတင်သည့် စီးပွားရေးကျဆင်းလာမှုနှင့် ၂၀၂၂ ခုနှစ်တွင် သိသိသာသာ မြင့်တက်လာသော ဆင်းရဲနွမ်းပါးမှု၏ နောက်ဆက်တွဲအကျိုးဆက်များကို ရန်ကုန်မြို့ရှိ ပြည်သူများလည်း တွေ့ကြုံခံစားနေရကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ နိုင်ငံအတွင်းမှ ထွက်ခွာသွားကြသည့်အပြင် ကုန်ထုတ်လုပ်နေသည့် စက်ရုံများပိတ်သိမ်းသွားခြင်းနှင့်အတူ အလုပ်လက်မဲ့နှုန်းများ မြင့်တက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာခဲ့ကြောင်း ကုလသမဂ္ဂက ဖော်ပြထားသည်။
ref – UN