MT News
Written by Nay Aung
ရန်ကုန်မြို့ရှိ ဆင်းရဲနွမ်းပါးသူများ အများဆုံးနေထိုင်သည့် မြို့နယ် ၈ မြို့နယ်မှ လူဦးရေ လေးပုံတစ်ပုံသည် စီးပွားရေးအခြေအနေ အကျပ်အတည်းများကို လတ်တလောရင်ဆိုင်ဖြေရှင်းရာတွင် အိမ်ထောင်စုများမှ ၎င်းတို့၏သားသမီးများကို ပညာသင်ယူနေသည့်ကျောင်းမှ နှုတ်ထွက်စေပြီး အလုပ်ခိုင်းစေ၍ ဝင်ငွေရှာဖွေခိုင်းနေသည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ကလေးသူငယ်များအနေဖြင့်လည်း ပညာဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခွင့်မရှိခြင်းကြောင့် ၎င်းတို့ကြီးပြင်းအရွယ်ရောက်သောအခါ ပိုမိုကောင်းမွန်သော အလုပ်အကိုင်များ ရှာဖွေနိုင်သည့် စွမ်းရည်ကို ထိခိုက်ကျဆင်းစေခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်သည် မကြာသေးမီက ရန်ကုန်မြို့ရှိ လူပေါင်း ၃၀၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ရာ ဖြေဆိုသူအားလုံး၏ ၂၇ ဒသမ ၅ ရာခိုင်နှုန်းသော ဆင်းရဲနွမ်းပါးသူများ အများဆုံးနေထိုင်သည့် မြို့နယ်(၈) မြို့နယ်မှ အိမ်ထောင်စုများသည် ဝင်ငွေများကျဆင်းလာမှုကြောင့် လွန်ခဲ့သော(၁၂) လအတွင်းအာဟာရပြည့်ဝလုံလောက်စွာ မစားသုံးနိုင်ဟု ဖြေဆိုခဲ့သလို ဖြေဆိုသူများ၏ ၃၅ ဒသမ ၇ ရာခိုင်နှုန်းကျော် သည် ဝင်ငွေမရှိသောကြောင့် အစားလျှော့စားခြင်းများလည်း ပြုလုပ်ခဲ့သည်ဟု ဖြေဆိုထားကြောင်း သိရသည်။
အဆိုပါစစ်တမ်းကိုဖြေဆိုသူ အားလုံး၏လေးပုံတစ်ပုံကျော် ၂၆ ဒသမ ၉ ရာခိုင်နှုန်းသည် မိမိ၏မိသားစုဝင်များ နာမကျန်းဖြစ်ပါက ဆေးဝါးနှင့်ဆေးကုသမှုကို မခံယူဖြစ်ပါဟု ဖြေဆိုထားကြောင်း သိရသည်။
ထို့အပြင် စစ်တမ်းဖြေဆိုသူ လေးပုံသုံးပုံသည် ကျန်းမာရေးအတွက် ဆေးဝါးနှင့်ကုသခြင်း ဝန်ဆောင်မှုနှုန်းထားများမှာ အဆမတန်မြင့်မားသဖြင့် ကျန်းမာရေးဝန်ဆောင်မှုများရယူရန် ပိုမိုခက်ခဲလာသည်ဟု ဖြေဆိုထားကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်က ဆိုသည်။
ဆင်းရဲနွမ်းပါးသူများ အများဆုံးနေထိုင်သည့် မြို့နယ် ၈ မြို့နယ်မှ စစ်တမ်းဖြေဆိုသူ ၄၃ ရာခိုင်နှုန်းသည် လွန်ခဲ့သော (၁၂) လအတွင်း ဝင်ငွေနည်းပါးလာခြင်းကြောင့် ပိုင်ဆိုင်မှုများကို ခွဲခြမ်းရောင်းချခဲ့ရသည်ဟုလည်းဖြေဆိုထားသည်။ ခွဲခြမ်းရောင်းချခဲ့ရသည့် ဝတ္ထုပစ္စည်းများသည် မော်တော်ယာဉ်နှင့် အငှားပြေးဆွဲသည့်ယာဉ်များ ဖြစ်နေပါက ၎င်းအိမ်ထောင်စုများ၏ ဝင်ငွေကိုပိုမိုလျော့နည်းစေပြီး ပြန်လည်ရပ်တည်နိုင်ရန် ခက်ခဲစေခဲ့ကြောင်းသိရသည်။
ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး အစီစဉ်အ၏ ဌာနေကိုယ်စားလှယ် Titon Mitra က “ရန်ကုန်ရဲ့ မြို့ပြဆင်းရဲနွမ်းပါးမှုနှုန်းဟာ သိသိသာသာမြင့်တက်နေပြီး အလုပ်လက်မဲ့ဖြစ်ခြင်းနဲ့ ဝင်ငွေလျော့နည်းခြင်းများကလည်း တနေ့တခြား ပိုမိုများပြားလာလျှက်ရှိနေတယ်။အဲဒီအခြေအနေများကို ကိုင်တွယ်ဖြေရှင်းဖို့ တည်ငြိမ်သောအလုပ်အကိုင်ဖြင့် လူအများကို ဝင်ငွေပိုမိုရရှိအောင် ပံ့ပိုးပေးခြင်းဟာ လူတွေရဲ့ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝကို တိုးတက်စေမယ့် ရေရှည်တည်တံ့တဲ့ နည်းလမ်းတခုကို လုပ်ဆောင်ဖို လိုအပ်နေတယ်” ဟုသုံးသပ်ပြောဆိုထားသည်။
ref – UNDP