၂၀. ၂. ၂၀၂၃
Written by Peya
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် အိမ်ခြေရာခြေမဲ့ အမျိုးသားတစ်ဦးကို ဆေးကြောင်နေသူက ဓားနှင့်ထိုးသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံက သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်း ၁၁ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၃၉ လမ်း အလယ်ဘလောက်တွင် အိပ်နေသူ အသက် ၃၆ နှစ်အရွယ် အိမ်ခြေရာခြေမဲ့အမျိုးသားကို ၃၉ လမ်း အထက်ဘလောက်တွင် နေထိုင်သူအမျိုးသားက ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဓားနဲ့ အထိုးခံရတဲ့သူက သူ့အထုပ်တွေနဲ့ ၃၉ လမ်း အလယ်ဘလောက်မှာ သူ့ အထုပ်တွေနဲ့ သူနေတာ။ စိတ်ဝေဒနာရှင်တွေလို အော်တာဆဲတာလည်း မဟုတ်ဘူး။ ဓားနဲ့ အသားလွတ်အထိုးခံရတာ။ ဘယ်ဘက် ရင်အုံတစ်ချက်၊ နောက်ကျောတစ်ချက်။ ရင်အုံတစ်ချက်က ကြီးတယ်။ အဆုတ်ထဲကို လေဝင်သွားတာပေါ့။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ဓားဖြင့် ထိုးသူကို ၃၉ လမ်းနှင့် အနော်ရထာလမ်းထောင်တွင် ညတွင်းချင်းပင် ဖမ်းမိခဲ့ကာ ဓားဖြင့် အထိုးခံရသူ အမျိုးသားမှာ ပတ်ဝန်းကျင်ကို ဒုက္ခပေးသူ မဟုတ်ဘဲ လျှောက်သွားနေသူသာ ဖြစ်ကြောင်း သိရသည်။
“ညဘက် သူအိပ်နေတဲ့ အချိန် လမ်းဘေးနေသူကို မင်း ထောက်လှမ်းရေးကလား ပေါက်ကရတွေ ပြောပြီး ဓားနဲ့ ထိုးတာ။ ဖုန်းပျောက်တာကို ကျန်တဲ့ အိမ်ခြေရာခြေမဲ့ကို ပြဿနာလုပ်တာပေါ့” ဟု ၎င်းက ဆိုသည်။