၂၀. ၂. ၂၀၂၃
Written by Nay Moe
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၄ ရပ်ကွက်၊ ယုဇနဥယျာဥ်အုပ်ချုပ်ရေးမှူးရုံးအား PDF များ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရာအိမ်မှူးနှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်နက်ကိုင်ဆောင်ထားသော SAC တပ်များကို မျက်နှာချင်းဆိုင်ဆန္ဒပြတိုက်ခိုက်သဖြင့် ပစ်ခတ်နှိမ်နင်းခံရချိန်တွင် ကျည်ထိမှန်သေဆုံးမှုအချို့ရှိခဲ့ခြင်းကြောင့် လက်နက်အားကိုးအနိုင်ကျင့်သည်ဟုဆိုကာ လက်နက်ကိုင်တော်လှန်ခဲ့သူများက သေနတ်ရချိန်တွင် ထိုသို့ လက်နက်မဲ့နိုင်ငံ့ဝန်ထမ်းများနှင့် ရုံးများကို မျက်နှာချင်းဆိုင်ပင်မဟုတ်ဘဲ အလစ်အငိုက်တွင် ချောင်းမြောင်းပစ်ခတ်လာခြင်းများ ပိုမိုများပြားလာနေသည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီအချိန်ခန့်တွင် PDF များက ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၄ ရပ်ကွက်၊ ယုဇနအုပ်ချုပ်ရေးရုံးအတွင်း သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်သဖြင့် အသက် ၅၄ နှစ်အရွယ် ရာအိမ်မှူးတွင် ဝဲပုခုံး ကျည်ထိမှန်ဒဏ်ရာတစ်ချက်၊ အသက် ၂၉ နှစ်ခန့်ဆယ်အိမ်မှူးတွင် ပါးပြင်ကျည်ထိမှန်ဒဏ်ရာ၊ အသက် ၆၀ ကျော် အမျိုးသမီးရာအိမ်မှူးတွင် ဝဲပေါင် သေနတ်ထိမှန်ဒဏ်ရာတစ်ချက်နှင့် ဆိုင်ကယ်ကယ်ရီမောင်းသူ အသက် ၃၁ နှစ်အရွယ်အမျိုးသား ဝဲဂျိုင်းစောင်းသေနတ်မှန်ဒဏ်ရာတစ်ချက် ရရှိခဲ့သည်ဟု သိရသည်။
သို့သော် အသက် ၄၆ နှစ်အရွယ်ရာအိမ်မှူးနှင့် အသက် ၆၀ အရွယ် ရာအိမ်မှူးတို့မှာ ကျည်ထိမှန်သေဆုံးခဲ့ရသည်ဟု သိရပြီး ထိုတိုက်ခိုက်မှုကို ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များ လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း NUG ထောက်ခံသည့် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
လက်ရှိအချိန်အထိ ထိုသို့ပစ်ခတ်လုပ်ကြံမှုများကြောင့် ရဟန်း၊ သံဃာများ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးများနှင့် ကလေးသူငယ်များ၊ ဆရာ၊ ဆရာမများအပါအဝင် ပြည်သူ ၅၇၀၀ ကျော် လုပ်ကြံသတ်ဖြတ်ခံထားရသည်ဟု သိရသည်။