MT News
Written by Nay Moe
ခရီးသည်တင်မော်တော်ယာဉ်တစ်စီးအား PDF က တားဆီးရာချက်ချင်းမရပ်၍ ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးရမှုမှာ တနင်္သါရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးမင်းမင်းချမ်း မောင်းနှင်ပြီး ခရီးသည် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦး တို့ လိုက်ပါလာသည့် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်သည် ကော့သောင်းမြို့မှ မြိတ်မြို့သို့ ထွက်ခွာလာခဲ့ရာ ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာနှင့် ခဲချောင်းကျေးရွာလမ်းဆုံသို့ ရောက်ရှိစဉ် PDF များက တားဆီးရာ ယာဥ်ကို ရပ်သော်လည်း အရှိန်ကြောင့် ချက်ချင်းမရပ်သဖြင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသမီး ၁ ဦးနှင့် အသက် ၉ နှစ်အရွယ် ယောက်ျာလေး ၁ ဦးတို့ လက်နက်ငယ်ကျည် ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
” ခရီးသည်ယာဥ်ကို PDF က တားတော့ ချက်ချင်းရပ်ပေးပေမဲ့ အရှိန်ပါနေတော့ မရပ်သလိုဖြစ်သွားတာကို မရပ်လို့ပစ်တာ။ သူတို့ပစ်တာနဲ့ ကားကရပ်သွားတာနဲ့ ကွက်တိဖြစ်နေမှာ လာစစ်တော့ ကားပေါ်ပါတဲ့သူတွေက သာမန်အရပ်သားမှန်းသိတာနဲ့၊ သေတာက အမျိုးသမီးကလည်းအသက်ငယ်၊ ကလေးတစ်ယောက်လည်းမှန်တယ်ဆိုမှ ဆေးကုပေးမယ်ဆိုပြီးခေါ်သွားတာ။ ဒါပေမဲ့ ကောင်မလေးရော ကလေးရောက မှန်ကတည်းကသေနေပြီဆိုတော့ တောင်းပန်ပြီး ပြန်လွှတ်လိုက်တာ”ဟု လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ထိုဖြစ်စဥ် သိရှိရသမျှ ပြောသည်။
တနင်္သါရီတိုင်းရှိ KNU ထိန်းချုပ်ထားသည့် KPDF များ ထိန်းချုပ်နယ်မြေအတွင်း ယာဥ်များကို မောင်းနှင့်ရမည့်အချိန်ကန့်သတ်ခြင်းနှင့် တားမြစ်ချိန်ရပ်မပေးပါက PDF များက ပစ်ခတ်တိုင်ခိုက်မှုမကြာခဏပြုလုပ်နေပြီး ထိုသို့မှားယွင်းပစ်ခတ်မှုကြောင့်လည်း သဘာဝတရားရိပ်သာမှဆရာတော်တစ်ပါးနှင့် ရာဖူးရွာသစ်မှာကျောင်းထိုင်ဆရာတော် မှားယွင်းပစ်သတ်ခံရသည့်အပြင် ပြည်သူများလည်း သေဆုံးနေရမှုမကြာခဏဖြစ်ပွားနေပြီး ထိုသို့ PDF မှားယွင်းပစ်ခတ်သတ်ဖြတ်မှုများမှာလည်း ဝမ်းနည်းကြောင်းထုတ်ပြန်စာတစ်စောင်ဖြင့်သာ ဝတ္တရားကျေတောင်းပန်မှုရှိနေသည်ဟု သိရသည်။