◾၂၀၂၂ ခုနှစ်အတွင်း မြန်မာ့ကျွန်းသစ် တန် ၁၅၀၀ ကျော် အမေရိကန် တင်သွင်းခဲ့ပြီး ယခင်နှစ်ထက် ပိုမို
၁၉. ၂. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံတွင်အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ဗြိတိန် နှင့် ဥရောပသမဂ္ဂတို့အပါအဝင် နိုင်ငံအများအပြားသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုချမှတ်ခဲ့သော်လည်း မြန်မာနိုင်ငံကထွက်ရှိသော ကျွန်းသစ်သည် အမေရိကန်နိုင်ငံသို့တင်ပို့မှုများဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Environmental Investigation Agency EIA က ဖော်ပြလိုက်သည်။
အမေရိကန် ဦးဆောင်သောအနောက်အုပ်စုသည် နစက၏ ဝင်ငွေရရှိမှုများကို ကန့်သတ်နိုင်ရန်အတွက် ပိတ်ဆို့မှုများချမှတ်ခဲ့ရာ ပိတ်ဆို့ခံရသောစာရင်းထဲတွင် မြန်မာသစ်လုပ်ငန်းလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
အမေရိကန်ဦးဆောင်သော အနောက်အုပ်စု၏ ပိတ်ဆို့မှုထဲတွင် မြန်မာ့သစ်များကို ဈေးကွင်းအတွင်းသို့ တင်သွင်းခြင်းနှင့် ဝယ်ယူခြင်းမလုပ်ရန် ပိတ်ပင်သောအချက်များလည်းပါဝင်နေကြောင်း သိရသည်။ သို့သော်လည်း မြန်မာသစ်လုပ်ငန်းသည် သစ်များကို နိုင်ငံတကာဈေးကွက်အတွင်းသို့တင်ပို့နေဆဲဖြစ်ကြောင်း EIA ကဆိုသည်။ EIA ၏ဖော်ပြချက်အရ အမေရိကန်နိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံထံမှ ကျွန်းသစ် တန်ချိန် ၁၅၀၀ ကျော်တင်သွင်းခဲ့ကြောင်း သိရသည်။
မြန်မာကျွန်းသစ်သည် ဇိမ်ခံရွက်လှေများတည်ဆောက်ရာတွင် အဓိကအသုံးပြုနေရသောပစ္စည်းတစ်ခုအဖြစ်ရှိနေပြီး ရွက်လှေတည်ဆောက်ရေးဈေးကွက်သို့ တင်ပို့မှုများရှိနေဆဲဖြစ်ကြောင်း EIA က ဖော်ပြထားသည်။ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ပိတ်ဆို့မှုများသည် အမေရိကန်နိုင်ငံ၏ ကျွန်းသစ် ကုန်သွယ်မှုလုပ်သူများကို ဟန့်တားနိုင်ခြင်းမရှိကြောင်း သိရသည်။ အမေရိကန်ကုန်သည်များသည် မြန်မာနိုင်ငံမှကျွန်းသစ်များကို နှစ်တိုင်း တင်သွင်းမှုများရှိနေခဲ့ပြီး၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံထံမှ အမေရိကန်၏ ကျွန်းသစ်တင်သွင်းမှုသည် ပိတ်ဆို့မှုချမှတ်ခဲ့သော ၂၀၂၁ ခုနှစ်ထက် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။
ref – scroll.in