◾လက်နက်ကိုင်တော်လှန်သူအချင်းချင်းပင် နိုင်ထက်စီးနင်းလုပ်နေ၍ လူထုအပေါ်ဆိုပါက မတွေးရဲစရာဖြစ်လာနိုင်
၁၈. ၂. ၂၀၂၃
Written by Nay Moe
NUG ဩဇာခံ ရွှေဘိုခရိုင်တပ်ရင်း (၂) က တောင်သူလယ်သမားတပ်တော်- GZ Special Task Force – Wetlet မှ တပ်ဖွဲ့ဝင် ၇ ဦးနှင့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး လက်နက်ကိုင်တော်လှန်သူအချင်းချင်းအကြားပင် ထိုသို့လုပ်ဆောင်နေ၍ လက်နက်မဲ့ပြည်သူလူထုအပေါ်ဆိုပါက မတွေးရဲစရာဖြစ်လာမည်ဖြစ်ကြောင်း GZ Special Task Force-Wetlet က ပြောသည်။
“ရွှေဘိုခရိုင်တပ်ရင်း(၂)က ဖမ်းခိုင်းလို့ပါဆိုပြီး ဝက်လက်မြို့နယ် တိုက်နယ်တာဝန်ခံ တစ်ယောက်က ဦးဆောင်ပြီး ကျွန်တော့် ရဲဘော် ခုနစ်ယောက်ကို ဖမ်းထားတယ်ဆိုတာ ဟုတ်ပါတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာ ကျွန်တော့်အနေနဲ့မသိရသေးပါဘူး။ တပ်ရင်း(၂) IO,ဒုတပ်ရင်းမှူးကို ကျွန်တော်ကိုယ်တိုင်ဖုန်းဆက်သွယ်မေးပေမဲ့ ဒီကိစ္စကို သူတို့မသိဘူးဘဲ ပြောပါတယ်။ လက်နက်ကိုင်တော်လှန်ရေးသမားအချင်းချင်းတောင် နိုင်ထက်စီးနင်း အခုလိုထင်သလိုလုပ်နေတာလက်နက်မဲ့ပြည်သူလူထုအပေါ်မှာဆိုရင် မတွေးရဲလောက်အောင်ဖြစ်လာနိုင်တယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဝက်လက်မြို့နယ်ကို ကွင်းဆင်းလေ့လာဖို့လိုပြီ။ ဒီအတိုင်း လွှတ်ထားမယ်ဆိုရင် မလိုလားအပ်တဲ့ ပွတ်တိုက်မှုတွေဖြစ်တော့မယ်။ တပ်ရင်း(2)တာဝန်ရှိသူတွေ သူတို့မသိဘူးလို့ဖြေနေတဲ့အတွက် ကျွန်တော့်ရဲဘော်တွေ စိတ်ဒဏ်ရာ၊ ရုပ်ပိုင်းဆိုင်ရာဒဏ်ရာ ရခဲ့ရင် ဖမ်းဆီးသွားတဲ့ တိုက်နယ်ပကဖတာဝန်ခံတာဝန်ယူရမည်” GZ Special Task Force – Wetlet တာဝန်ခံက ဆိုသည်။
ရွှေဘိုခရိုင် ဝက်လက်နယ်တွင် NUG အား အမှီပြုနေသည့် PDF များ၊ ပကဖများ ရှိနေသကဲ့သို့ ဒေသန္တရတပ်ဖွဲ့များစွာလည်းရှိနေသဖြင့် NUG ၏ ဩဇာခံ PDF နှင့် ပကဖများက LPDF များကို ယင်းတို့၏ ဩဇာခံရန်နှင့် လက်နက်ဖြုတ်သိမ်းရန် အစဥ်တစိုက်ကြိုးပမ်းနေသည်။ ပြီးခဲ့သည့် ၂၀၂၂ အတွင်းကလည်း NUG ၏ ဩဇာခံ ဝက်လက်ပကဖက LPDF ဗိုလ်ကျားကြီးအဖွဲ့ကို တိုက်ခိုက်သတ်ဖြတ်ရာ ဗိုလ်ကျားကြီးအဖွဲ့ဝင် ၃ ဦးသေဆုံးရသည့်အပြင် ကိုယ်ဝန်ဆောင် CDM ဆရာမတစ်ဦး အပါအဝင် ခြောက်ဦးကိုဖမ်းဆီးခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုကို NUG ထံ တိုင်ကြားသော်လည်း အရေးမယူသဖြင့် ရွှေဘိုခရိုင်အတွင်းရှိ LPDF များမှာ NUG ၏ ဩဇာခံ PDF များနှင့် ပကဖများ၏ ဖမ်းဆီးတိုက်ခိုက်မှုကို မကြာခဏခံနေရသည်။
ယခု ရွှေဘိုခရိုင်ဝက်လက်မြို့နယ် တပ်ရင်း(၂)နှင့် ဝက်လက်မြို့နယ် ပလဖ၊ ဝက်လက်မြို့နယ် ပကဖများ ပူးပေါင်းကာ အကြောင်းအရင်းမရှိဘဲ GZ Special Task Force အဖွဲ့ ဋ္ဌာနချုပ်မှ ရဲဘော် ၄ ဦး၊ တပ်ခွဲ (၂)မှတပ်ခွဲမှူးတစ်ဦး၊ တပ်ခွဲ(၄)မှ တပ်ခွဲမှူးတစ်ဦး၊ တပ်ခွဲ(၅)မှ တပ်ခွဲမှူးတစ်ဦးနှင့် ပြည်သူအမျိုးသမီး ၂ ဦးတို့အား စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဝက်လက်မြို့နယ်ပလဖရုံးသို့ ဖမ်းဆီးခေါ် ဆောင်သွားကြောင်းလည်း GZ Special Task Force အဖွဲ့မှ သိရသည်။