၇. ၁၀. ၂၀၂၂
Written by Tha Doe
ယခုဘဏ္ဍာနှစ် ခြောက်လအတွင်း ဆန်တန်ချိန် ၈ ဒသမ ၆ သိန်း တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၂ သိန်းကျော် ပိုမိုတင်ပို့ထားဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးမရရှိမီကာလက ဆန်တင်ပို့မှုတွင် ကမ္ဘာ့ထိပ်တန်း နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ်ဝန်းကျင်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ခဲ့ကာ ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့် နိုင်ငံအဖြစ်ရပ်တည်ခဲ့ခြင်းမှ တဖြည်းဖြည်း ပြည်ပတင်ပို့နိုင်မှု ကျဆင်းခဲ့ပြီး ၂၀၀၁ – ၂၀၀၂ ဘဏ္ဍာနှစ်မှစတင်၍ ပြည်ပတင်ပို့နိုင်မှု ပြန်လည်တိုးတက်လာခဲ့သည်။ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃ ဒသမ ၆ သန်းကို နိုင်ငံ ၆၄ နိုင်ငံထိ ပြန်လည်တင်ပို့နိုင်ခဲ့သည်ကို တွေ့ရပြီး လက်ရှိ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် ၆ လတာကာလအတွင်း ဆန်တန်ချိန် ၅ သိန်းကျော်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သိန်း၊ စုစုပေါင်းတန်ချိန် ၈ ဒသမ ၆ သိန်းကျော်ကို နိုင်ငံ ၃၈ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကာ ယခင်နှစ်ကာလတူထက် ဆန် ၊ ဆန်ကွဲ တန်ချိန် ၂ သိန်းကျော် ပိုမိုတင်ပို့နိုင်သည်ကို တွေ့ရသည်ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဆန်အရည်အသွေး ကောင်းမွန်ရေးသည် ပြည်ပဆန်တင်ပို့မှုတွင် အရေးပါပြီး အချို့ပြည်ပနိုင်ငံများသို့ ပေါင်းဆန်တင်ပို့ရာတွင် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၆၀ မှ ၅၀၅ အထိ ဈေးရရှိသည်ကိုတွေ့ရသည်။ ဘဏ္ဍာနှစ် ၆ လပတ်အတွင်း ဆန်တင်ပို့မှု တန်ချိန် ၈ ဒသမ ၆ သိန်းအနက် ပေါင်းဆန် ၅ ရာခိုင်နှုန်း၊ ဆန်ကွဲ ၄၂ ရာခိုင်နှုန်း၊ ပုံမှန်ဆန်တင်ပို့မှု ၅၃ ရာခိုင်နှုန်း ဖြစ်နေသည့်အတွက် အခုကဲ့သို့ ပြည်ပပို့ကုန်အလားအလာ ကောင်းမွန်နေသည့် အခြေအနေတွင် ပြည်တွင်းဆန် ထုတ်လုပ်မှု တိုးတက်ရေး၊ အရည်အသွေးမြင့်မားရေးကို မြန်မာ့ဆန်စပါး ညီလာခံ- ၂၀၂၂ တွင် ဝိုင်းဝန်း အကြံပြု ဆွေးနွေးပေးစေလိုသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
မြန်မာ့ဆန်ကို လွန်ခဲ့သည့်ကာလများက အာဖရိကနှင့် ဥရောပနိုင်ငံများကို အများအပြားတင်ပို့ ရောင်းချနိုင်ခဲ့ရာမှ ယခုအခါအာရှဈေးကွက်ကို ပိုမိုတင်ပို့လာသည် အထိ စျေးကွက်ကျယ်ပြန့် ပြောင်းလဲလာမှုကိုလည်း တွေ့ရှိရသည်။ ထိုကြောင့် ဈေးကွက်အသစ်များကို ရှာဖွေတင်ပို့ရန် လိုအပ်သကဲ့သို့ မူလရရှိပြီးသား ဈေးကွက်များကိုလည်း ရေရှည်ဆက်လက် တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်နေသည်။ ထို့ကြောင့် မြန်မာ့ဆန်ကို ဝယ်ယူနေသည့်နိုင်ငံများထဲတွင် ယခင် ၃/၄ နှစ် ကဝယ်ယူမှုရှိပြီး လက်ရှိပျောက်ကွယ်နေသည့် အာဖရိကနှင့် တောင်အာရှစျေးကွက်များကိုလည်း ဆန် ပြန်လည်တင်ပို့ ရောင်းချနိုင်ရေးနှင့် ဈေးကွက်ပြန်လည်ရရှိရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ဌာနဆိုင်ရာများဘက်ကပါ ကြိုးပမ်းဆောင်ရွက်သွားရန် SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဆန်စပါးသည် အဓိကစိုက်ပျိုးထုတ်လုပ်သည့် သီးနှံဖြစ်ပြီး သီးနှံစိုက်ပျိုး ဧရိယာအားလုံး၏ ၃၄ ရာခိုင်နှုန်းခန့်ရှိသည်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၁၅ သန်းခန့်နှင့် နွေစပါးစိုက်ဧက ၂ ဒသမ ၄ သန်း၊ စုစုပေါင်းစပါးစိုက်ပျိုးဧက ၁၇ ဒသမ ၄ သန်းခန့် စိုက်ပျိုးနိုင်ခဲ့သည်။ ထို့ပြင် တိုင်းပြည်၏ အဓိကသီးနှံဖြစ်သည့် စပါး ၁ ဧက ထွက်နှုန်းကို ရည်မှန်းချက်ဖြစ်သည့် တင်း ၁၀၀ ထွက်ရှိနိုင်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် မိမိတို့နိုင်ငံသားများ တစ်နှစ်ကို ဆန်စားသုံးမှု ၁၅၅ ကီလိုဂရမ်၊ တစ်နည်းအားဖြင့် ၉၇ ပြည်ခန့် စားသုံးမှုရှိသည့်အတွက် နိုင်ငံအတွင်း စားသုံးမှုသည် လက်ရှိ စပါးစိုက်ပျိုးမှုနှင့် ဖူလုံပိုလျှံမှုရှိကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။