၁၈. ၂. ၂၀၂၃
Written by Peya
မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်းတံတားများအနက် အရှည်ဆုံး ဖြစ်လာမည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတား တည်ဆောက်မှုမှာ ၅၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံက ဖေဖော်ဝါရီလ ၁၈ ရက်တွင် သိရသည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားသည် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ်၊ ကမာကဆစ် ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတို့သို့ ဆက်သွယ်တည်ဆောက်နေခြင်း ဖြစ်သည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားမှာ တံတားအရှည် ၆,၁၂၈ ပေ၊ ပင်မတံတားအရှည် ပေ ၂၂,၆၄၀၊ ရန်ကုန် ဘက်ကမ်းချဉ်းကပ်တံတားအရှည် ၁,၈၉၁ ပေ၊ ချဉ်းကပ်တံတားအကျယ်(နှစ်လမ်းသွား) ၄၇ ပေဖြစ်ကြောင်း၊ ဒလဘက်ခြမ်းတွင် ချဉ်းကပ်တံတားအရှည် ၁,၉၇၂ ပေ၊ ချဉ်းကပ်တံတားအကျယ် (လေးလမ်းသွား) ၈၇ ပေ၊ ရန်ကုန်ဘက်ခြမ်းတွင် ဆင်ခြေလျှောတံတားများအကျယ် ၂၃ ပေရှိပြီး တံတားအောက် ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်ရန် အမြင့်ပေ ၁၆၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ၉၉၈ ပေရှိပြီး တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်သည်။
အဆိုပါတံတား စီမံကိန်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလမှ လုပ်ငန်းများစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါတံတား တစ်စင်းလုံးလုပ်ငန်းပြီးစီးမှု ၅၃ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ တံတား တည်ဆောက်မှု လုပ်ငန်းခွင်ကို ကိုဗစ်ကာလအတွင်းက ရပ်နားထားခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ အတွင်း ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကာ ဆောက်လုပ်ရေး လုပ်ငန်းတွင် ပါဝင်သည့် မြန်မာအင်ဂျင်နီယာများအနေဖြင့် သံမဏိကြိုးဆိုင်းတံတားဆိုင်ရာ ပုံစံထုတ်လုပ်ခြင်းနှင့် ခေတ်မီနည်းပညာများ၊ နည်းစနစ်များနှင့် အတွေ့အကြုံများကို ရရှိနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။