၁၈. ၂. ၂၀၂၃
Written by Ye Kyaw
ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်းအမျိုးအစားလေးခုကို အကောက်ခွန်နှင့် ဝင်ငွေခွန်များ ကင်းလွတ်ခွင့် ခံစားနိုင်ရန်အတွက် လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က ဇန်နဝါရီ ၁၅ ရက်ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများအနက် သဘာဝဓာတ်ငွေ့သုံး သိုမဟုတ် ဇီဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း၊ စွန့်ပစ်ပစ္စည်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း၊ ပေါင်းစပ်စွမ်းအင် (ဓာတ်ငွေ့နှင့် အပူစွမ်းအင်) သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း၊ နေရာင်ခြည်၊ လေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း စသည့် လုပ်ငန်းလေးခုသည် အခွန်ကင်းလွတ်ခွင့် လျှောက်ထားနိုင်မည်ဖြစ်သည်။
အဆိုပါ လုပ်ငန်းအမျိုးအစား လေးခုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ထောင်မှုကာလ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြင်ဆင်မှုကာလအတွင်း အမှန်တကယ်လိုအပ်၍ ပြည်ပမှ တင်သွင်းသော စက်ပစ္စည်းများ၊ အသုံးအဆောင်တန်ဆာပလာများ၊ စက်ကိရိယာအစိတ်အပိုင်းပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများအတွက် အခွန်ကင်းလွတ်ခွင့် လျှောက်ထားနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၇ ပုဒ်မခွဲ (က)အရ အကောက်ခွန်ဖြစ်စေ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားနိုင်ခြင်းအပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၅ ပုဒ်မခွဲ (ဂ)အရလည်း ဝင်ငွေခွန်ကင်းလွတ်ခွင့် ခံစားနိုင်ရန် လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆ ဘီလျံကျော်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၆ ခုနှင့် ဒေါ်လာသန်း ၅၅၀ နီးပါးအပါအဝင် ကျပ်ဘီလျံ ၁,၁၀၀ ကျော်ရှိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၉ ခုရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။