၁၈. ၂. ၂၀၂၃
Written By Thandar
လက်ရှိ နိုင်ငံတော်အစိုးရက အနုပညာနယ်ပယ်အသီးသီးကို ချေးငွေတွေကို ထုတ်ချေးပေးပြီး ချေးငွေထုတ်ပေးထားသူတွေအတွက် တစ်နှစ်ပြည့်သက်တမ်းတွေတိုးပေးဖို့ ပန်ကြားခဲ့တယ်လို့ ဦးအေးကြူလေး ( မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဒုတိယဥက္ကဌ ) က MT News Entertainment ကို ပြောပါတယ်။
“မနှစ်က စပြီးတော့ နိုင်ငံတော်က အနုပညာလောကသား အလွှာလိုက်တွေရှိတယ်။ ဒါရိုက်တာ ရုပ်ရှင် လုပ်ငန်းရှင်တွေရဲ့ ထုတ်လုပ်ရေးလုပ်ငန်းလည်ပတ်ဖို့အတွက် ချေးငွေကို ထုတ်ချေးပေးကြတာရှိပါတယ်။ တစ်နှစ်ပြည့်ရင်တော့ သက်တမ်းတိုးတွေ ပြန်လျှောက်ရတာရှိတယ်။ ခုတော့ တစ်နှစ်ပြည့်သူတွေကို ကြေညာထားပါတယ်။ သက်တမ်းကလည်း တစ်နှစ်ပဲ ပေးထားတာပါ။ စီးပွားကူးသန်းဘက် ကတိခံဝန်ချက်တွေနဲ့ ချေးငွေ ထုတ်ပေးခဲ့ကြတာပါ၊ တကယ်လို့ မဆပ်ရသေးတဲ့သူတွေအတွက် ချေးငွေကို သက်တမ်းတိုးဖို့ အစည်းအရုံး အနေနဲ့ ပန်ကြားပေးတာပါ”လို့ ဦးအေးကြူလေးကပြောပါတယ်။
နိုင်ငံတော်အစိုးရက တစ်ယောက်ကို ကျပ်သိန်း ၃၀၀ ၊ သိန်း ၅၀၀၊ သိန်း ၁၀၀၀ စတာတွေကို ချေးပေးခဲ့တာလည်း တစ်နှစ်ပြည့်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်က စီးပွားကူးသန်းဘက် ကတိခံဝန်ချက်တွေနဲ့ ချေးငွေ ယူထားသူတွေအတွက် သက်တမ်းတိုးဖို့ စီစဉ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ချေးငွေကာလတိုးမြှင့်နိုင်ရေး ပန်ကြားလွှာပေးပို့ဖို့အတွက်လည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းထဲက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အကြောင်းကြား ကြေညာထားတာလည်း ရှိပါတယ်။
ဒီချေးငွေကိုတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်နစ်နာမှုရှိခဲ့ကြတဲ့ အဖွဲ့အစည်းတွေကို နိုင်ငံတော် အစိုးရက သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေကို ထုတ်ပေးခဲ့ပါတယ်။ လက်ရှိ ချေးငွေရရှိထားတဲ့ ရုပ်ရှင်နယ်ပယ်က ကုမ္ပဏီ/လုပ်ငန်းတွေအနေနဲ့လည်း ချေးငွေပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသေးပါက တစ်နှစ်သက်တမ်းတိုး ပန်ကြားလွှာတွေကို ပြန်ကြားရေးဝန်ကြီး ဌာနပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ဆောလျင်စွာ ပေးပို့ အကြောင်းကြားဖို့ အသိပေးအပ်ခဲ့တယ်လို့ သိရပါတယ်။