၁၈. ၂. ၂၀၂၃
Written by Peya
မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှု ပမာဏမှာ ယခင်နှစ်ထက်စာလျှင် များလာနိုင်မည်ဟု မျှော်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က MT News သတင်းဌာနသို့ ပြောသည်။
“အရင်နှစ်ထက်စာရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် များလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးကလည်း ဖြေလျော့ပေးတဲ့ အပိုင်းရှိတယ်။ ရုရှားဆိုလည်း Visa free ပေးထားတာရှိတယ်။ အရင်ထက်စာရင် အများကြီးတက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ခရီးသွားဝင်ရောက်မှုမှာ တဖြေးဖြေးနှင့် များပြားလာမည်ဟု ခန့်မှန်းထားပြီး ကိုဗစ်မတိုင်မီ ခရီးသွားဝင်ရောက်မှု ပမာဏကို ရောက်ရှိရန်မှာမူ မဖြစ်နိုင်သေးကြောင်းလည်း သိရသည်။
ခရီးသွားများ ဝင်ရောက်ရန်အတွက် ရာသီအလိုက်ပွဲများကို ဆောင်ရွက်နေမှုများရှိပြီး ပြီးခဲ့သည့်လပိုင်းတွင် ရွှေစက်တော်ဘုရားဖွင့်ပွဲ ပြုလုပ်ခဲ့ကာ ကျိုင်းတုံမြို့နယ်တွင်လည်း ချယ်ရီပန်းပွဲတော် ဖွင့်လှစ်ခဲ့ကြောင်း၊ အလားတူ ရာသီအလိုက်ပွဲတော်များအပြင် ဝန်ကြီးဌာန၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တာဝန်ခံများကလည်း ခရီးသွားများကို ဆွဲဆောင်နိုင်ရန် အတွက် ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။
“ခရီးစဉ် အသစ်ကတော့ ဖော်ဆောင်ဖို့တော့ရှိပါတယ်။ ဒါပေမယ့် အလားအလာနဲ့ လုပ်ရမယ့်ဟာတွေပေါ် မူတည်ပြီး နယ်မြေခံအနေနဲ့ လုပ်တာတွေ ရှိပါတယ်။ တစ်ခုချင်းပြောဖို့တော့ ခက်ပါတယ်။ ရှမ်းပြည်နယ်မှာဆိုလည်း ခရီးသွားရွာတွေလုပ်တာတို့ ဘာတို့။ ပြည်နယ်၊ တိုင်း အလိုက်လည်း ရှိပါတယ်” ဟု ဦးမောင်မောင်ကျော်က ဆိုသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် လာမည့် လများတွင် ဂျာမနီနိုင်ငံနှင့် ရုရှားနိုင်ငံတို့၌ ပြုလုပ်မည့် ခရီးသွားပြပွဲများတွင်လည်း ပါဝင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။