◾️တူရကီငလျင်ကြောင့် ဖေဖော်ဝါရီ ၁၇ ရက်အထိ တူရကီနှင့် ဆီးရီးယားနှစ်နိုင်ငံပေါင်း သေဆုံးသူ ၄၅,၀၀၀ ကျော်ရှိ
၁၈. ၂. ၂၀၂၃
Translated by Htwe Ko Tun
တူရကီနိုင်ငံတောင်ပိုင်းတွင် ဖေဖော်ဝါရီ ၆ ရက် နံနက်အစောပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် တိုက်တာအဆောက်အအုံ အပျက်အစီးပုံများအောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေနေကြဆဲဖြစ်ရာ ငလျင်လှုပ်ခတ်အပြီး ၁၁ ရက်နီးပါးတွင် အမျိုးသားနှစ်ဦးကို တူရကီနိုင်ငံ၊ ဟာတေးပြည်နယ်အတွင်းမှ ရှာဖွေတွေ့ရှိကယ်ဆယ်ခဲ့ကြောင်း Anadolu သတင်းဌာနက ပြောခဲ့သည်။
အဆိုပါ အမျိုးသားနှစ်ဦးက အသက် ၂၆ နှစ်နှင့် ၃၄ နှစ် အသီးသီးရှိကြပြီး ဖေဖော်ဝါရီ ၁၆ ရက်ညပိုင်း၊ ငလျင်လှုပ်အပြီး ၂၆၁ နာရီအကြာတွင် အပျက်အစီးပုံများအောက်မှ အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြရကြောင်းလည်း သိရသည်။
ထို့ပြင် ကယ်ဆယ်ရေးအဖွဲ့များက အသက် ၄၅ နှစ်ရှိအမျိုးသားတစ်ဦးကိုလည်း ငလျင်လှုပ်အပြီး ၁၁ ရက်အကျော်၊ ၂၇၈ နာရီအကြာ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းတွင် ဟာတေးပြည်နယ်အတွင်း၌ အပျက်အစီးပုံများအောက်မှ အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်ဟုလည်း သိရသည်။
ငလျင်ကြောင့် ဖေဖော်ဝါရီ ၁၇ ရက်အထိ တူရကီနိုင်ငံတွင် သေဆုံးရသူပေါင်း ၃၉,၆၇၂ ဦးရှိသွားပြီဖြစ်ကြောင်း တူရကီအစိုးရကကြေညာခဲ့သည်။ ဆီးရီးယားတွင်လည်း ဖေဖော်ဝါရီလ ၁၇ ရက်အထိ ငလျင်ကြောင့် သေဆုံးသူ ၅,၀၀၀ ကျော်သွားပြီဟု ဆီးရီးယားအစိုးရနှင့် ကုလသမဂ္ဂတို့က ပြောခဲ့ကြသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၁၇ ရက်အထိ ငလျင်ကြောင့် နှစ်နိုင်ငံပေါင်းသေဆုံးသူ စုစုပေါင်း ၄၅,၀၀၀ ကျော်သွားပြီဖြစ်သည်။
Ref—-Aljazeera