၁၈. ၂. ၂၀၂၃
Written By Myo Khine
မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ဘင်္ဂါလီ ၅၆ ဦးကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖေဖော်ဝါရီ ၁၇ ရက်က ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာရှိ အသက် ၄၂ နှစ်အရွယ် ဦးရွှေလှ ဆိုသူ၏ နေအိမ်နှင့် အသက် ၃၈ နှစ်အရွယ် ဒေါ်ဦးခင်လှတို့၏ နေအိမ်များတွင် ထိုဘင်္ဂါလီများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
“သတင်းအရသွားပြီးတော့ စစ်ဆေးတာတွေလုပ်တာ၊ အိမ်ရှင်တွေက ထွက်ပြေးသွားတယ်။ မလေးကို ပို့မယ့် သူတွေ။ အားလုံးကိုတော့ ဖမ်းမိခဲ့တယ်။ အဲဒီ ဘင်္ဂါလီတွေက မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦးဘက်က လူတွေ၊ ထွက်ပြေးတဲ့ အိမ်ရှင်တွေက လူတစ်ယောက်ကို ဘယ်လောက်ဆိုပြီးတော့ ပိုက်ဆံယူတယ်။ ပြီးတော့ ရန်ကုန်ကနေ တစ်ဆင့်ပို့မယ့် သဘောလို့ ယူဆရတယ်”ဟု အစိုးရအဖွဲ့ တာဝန်ရှိသူက MT News သို့ ပြောသည်။
ဖမ်းမိသော ဘင်္ဂါလီများမှာ အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၂၀ ဦးဖြစ်ကြောင်း၊ မလေးရှားနိုင်ငံသို့ သွားရောက်လိုပါက ငွေကျပ်သိန်း ၈၀ ဖြင့် ပို့ဆောင်ပေးမည်ဟု ဦးရွှေလှနှင့် ဒေါ်ဦးခင်လှတို့မှ လာရောက်ပြောဆိုသဖြင့် သဘောတူညီ၍ ၎င်းတို့၏ နေရပ်များမှ စက်လှေဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ဖမ်းဆီးရမိဘင်္ဂါလီများအား လဝကအက်ဥပဒေဖြင့် အမှုဖွင့်မည်ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဦးရွှေလှနှင့် ဒေါ်ဦးခင်လှတို့ကို ရာဇသတ်ကြီး ပုဒ်မ-၃၆၇ ဖြင့် အမှုဖွင့်ထားကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရာဇသတ်ကြီး ပုဒ်မ-၃၆၇ တွင် “အပြင်းအထန် နာကျင်စေခြင်း(သို့မဟုတ်)ကျွန်ပြုခြင်း”၊ “ဓမ္မတာအတိုင်းမဟုတ်သည့် တဏှာရာဂဒဏ်ကို ခံစေရန်လည်းကောင်း၊ ထိုသို့ ဖြစ်စေနိုင်သည်ကို သိလျက်နှင့်သော်လည်းကောင်း၊ မည်သူမဆို တစ်ဦးတစ်ယောက်သောသူအား ခိုးယူလျှင်(သို့မဟုတ်)သွေးဆောင်ဆွဲခေါ်မှု”ဟု ဖော်ပြထားပြီး ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။