၁၇. ၂. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံသားတစ်ဦးသည် ပြီးခဲ့သောရက်ပိုင်းက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Champhai ဒေသရှိ ၎င်း၏ဇနီးဟောင်းဖြစ်သူကို ပစ်သတ်ခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
ဘာဝီရိုပိုင်အမည်ရှိ မြန်မာနိုင်ငံသားသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေပိုင်းက ၎င်း၏ဇနီးဟောင်းဖြစ်သူ၏ အိမ်ကိုလာရောက်ခဲ့ပြီး သားသမီးများရှေ့တွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အသက် ၄၆နှစ်အရွယ်ရှိ Siang Ngun Par သည် ၎င်း၏ခင်ပွန်းဟောင်းလာရောက်သတ်ဖြတ်ချိန်တွင် သားသမီးများနောက်တွင် ပုန်းကွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ပစ်သတ်ခံခဲ့ရကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါ မြန်မာနိုင်ငံသားသည် လူသတ်မှုကျူးလွန်ခဲ့ပြီးနောက် ထွက်ပြေးရန်အတွက် ကားတစ်စီးကိုလည်း ခိုးယူသွားခဲ့ကြောင်း၊ အဆိုပါကားကို အိန္ဒိယနှင့် မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေးစင်တာအနီးရှိ Zokhawthar ရွာနားတွင်ပြန်လည်တွေ့ရှိခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့နှင့်နီးစပ်သောသတင်းရင်းမြစ်ကပြောသည်။
အိန္ဒိယရဲတပ်ဖွဲ့က အဆိုပါမြန်မာနိုင်ငံသားသည် လူသတ်မှုကျူးလွန်ပြီးနောက် နယ်စပ်ဒေသကိုဖြတ်သန်းကာ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ထဲသို့ ထွက်ပြေးသွားဖွယ်ရှိနေကြောင်း ယုံကြည်နေသည်။ ၎င်းသည် အိန္ဒိယနိုင်ငံ Champhai ဒေသတွင် ကားမောင်းသောအလုပ်ကို လုပ်ကိုင်သူဖြစ်ပြီး ပြီးခဲ့သောနှစ်ကလည်း ဇနီးဟောင်းဖြစ်သူကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ဖူးကြောင်း အိန္ဒိယသတင်းများတွင်ဖော်ပြထားသည်။
သတ်ဖြတ်မှုဖြစ်ပွားရသောအကြောင်းအရင်းကို အတိအကျမသိသေးသလို မြန်မာနိုင်ငံသားကိုဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း Champhai ရဲတပ်ဖွဲ့ က ပြောသည်။
ref – timesofindia